Laputtauptodate DEMO slide 2

This photo is testing for LAPUTTA UP TO DATE blog.

Laputtauptodate DEMO slide 3

This photo is testing for LAPUTTA UP TO DATE blog.

Laputtauptodate DEMO slide 4

This photo is testing for LAPUTTA UP TO DATE blog.

Laputtauptodate DEMO slide 5

This photo is testing for LAPUTTA UP TO DATE blog.

Wednesday, July 31, 2013

လပွတ္တာမြို့နယ်အတွက် ဇူလိုင်လတန်ဖိုးနည်းခွဲတမ်းများရရှိခြင်းမရှိ

     လပွတ္တာမြို့နယ်အတွက် ဇူလိုင်လ၏  ၁၅၀၀ကျပ်တန် တန်ဖိုးနည်းမိုဘိုင်းဖုန်းခွဲတမ်းကို တိုင်းဒေသကြီး အစိုးရမှချထားပေးခြင်းမရှိကြောင်းသတင်းရရှိပါသည်။ သြဂုတ်လအတွက် တန်ဖိုးနည်းမိုဘိုင်းဖုန်း အလုံး (၁၀၀၀)ခန့်ချထားပေးမည်ဟုလည်းသတင်းရရှိပါသည်။ မြို့နယ်အတွင်းရှိပြည်သူများအနေဖြင့် တန်ဖိုးနည်း မိုဘိုင်းဖုန်းဝယ်ယူလိုအား များနေကြောင်းလည်းသိရှိရပါသည်။ ယခုအချိန်တွင် လပွတ္တာမြို့နယ်အတွင်း တန်ဖိုးနည်းဖုန်းများ၏ပေါက်ဈေးမှာ ကျပ်(၈၅၀၀၀)အထိမြင့်တက်လျက်ရှိကြောင်းလည်း သတင်းရရှိပါ သည်။

CB Bank လပွတ္တာဘဏ်ခွဲအသစ်ဖွင့်လှစ်ခြင်း

CB ဘဏ်၏ ဘဏ်လုပ်ငန်းကိစ္စ အရပ်ရပ် နှင့် ပြည်တွင်း ငွေလွှဲလုပ်ငန်းများကို (29.7.2013) နေ့မှစ၍
အမှတ် (၁၉၃)၊ ကုန်သည်လမ်း၊(၆)ရပ်ကွက်၊လပွတ္တာမြို့၊ဧရာဝတီတိုင်းဒေသကြီးတွင် ဆောင်ရွက်ပေးနေပြီ

ဖြစ်ကြောင်းသတင်းရရှိပါသည်။
Phone : (042) 807 10
Fax : (042) 807 11, 807 12, 807 13

Thursday, July 18, 2013

(၆၆)နှစ်မြောက်အာဇာနည်နေ့အခမ်းအနား

(၆၆)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားဓါတ်ပုံတွေပါဗျာ



















Wednesday, July 17, 2013

တန်ဖိုးနည်းဖုန်းများ အနေဖြင့် MEC မှ စိုက်ထူထားသည့် တာဝါတိုင်များ၏ ငါးမိုင်အတွင်းသာ ဖုန်းလိုင်းကောင်းမည်

၁၅၀၀ ကျပ်တန် တန်ဖိုးနည်း မိုဘိုင်းဖုန်းများ အနေဖြင့် ဖုန်းအသုံးပြုရာတွင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC Tel ကုမ္ပဏီမှ စိုက်ထူထားသည့် တာဝါတိုင်များ၏ ငါးမိုင်အတွင်း၌သာ ဖုန်းလိုင်းကောင်းမွန်စွာ အသုံးပြုနိုင်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းက ပြောကြားသည်။ ဇူလိုင် ၁၇ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒုတိယ၀န်ကြီး ဦးဝင်းသန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် တန်ဖိုးနည်းဖုန်း အပါအ၀င် ဆက်သွယ်ရေးနှင့် ပတ်သက်သည့် မေးခွန်းများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် မြောင်မဲဆန္ဒနယ်မှ ဦးအုန်းငွေ၊ သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ လွိုင်ကော်မဲဆန္ဒနယ်မှ ဦးခင်မောင်ညို၊ တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဦးအောင်သိန်းလင်းတို့က မေးမြန်းခဲ့ကြခြင်း ဖြစ်သည်။
မြောင်မဲဆန္ဒနယ်မှ မေးမြန်းချက်များအပေါ် ဒုတိယ၀န်ကြီးက ပြန်လည်ဖြေကြားရာတွင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC Tel) ကုမ္ပဏီ၏ ၁၅၀၀ ကျပ်တန် CDMA 800 MHz ဖုန်းများသည် MEC Tel ကုမ္ပဏီမှ စိုက်ထူထားသော တာဝါတိုင်များနှင့် ငါးမိုင်အတွင်းသာ အသုံးပြု၍ရကြောင်း၊ မြောင်မြို့နယ်တွင် အဆိုပါ တာဝါတိုင်များ မရှိကြောင်း၊ မြောင်မြို့နယ်နှင့် အနီးဆုံး တာဝါတိုင် စိုက်ထူထားသည့်မြို့မှာ မြင်းမူမြို့ဖြစ်ကြောင်း၊ မြောင်နှင့်မြင်းမူမြို့နယ်မှာ အဖြောင့်တိုင်းလျှင် ၁၀ မိုင် ကွာဝေးကြောင်း၊ ထို့အတွက် MEC Tel ၏ ၁၅၀၀ ကျပ်တန်ဖုန်းမှာ မြောင်မြို့တွင် ကောင်းမွန်စွာ အသုံးပြု၍ရမည် မဟုတ်ကြောင်း ထည့်သွင်းပြောကြားသည်။

Telenor ဆင်းမ်ကတ်များတွင် အင်တာနက် တစ်ပါတည်း ပါရှိမည်ဖြစ်ပြီး လိုင်စင်ရအပြီး ရှစ်လအကြာတွင် ဆင်းမ်ကတ်များ စတင်သုံးစွဲနိုင်မည်

Telenor မှ ဆင်းမ်ကတ်များတွင် အင်တာနက် ၀န်ဆောင်မှုပါ တစ်ပါတည်း ပါရှိမည်ဖြစ်ပြီး ၎င်းတို့ကုမ္ပဏီ အနေနှင့် လိုင်စင်လက်ဝယ် ရရှိအပြီး ရှစ်လအကြာတွင် ဆင်းမ်ကတ်များ စတင်သုံးစွဲနိုင်မည်ဖြစ်ကြောင်း Telenor Myanmar ၏ CEO အဖြစ် ခန့်အပ်ခံရသူ မစ္စတာ ပတ်တာဖားဘတ်က ဇူလိုင် ၁၇ တွင် ပြောကြားလိုက်သည်။ "အခုက တာဝါတိုင်တွေဆောက်ဖို့ ပူးတွဲလုပ်ကိုင်မယ့် သူတွေနဲ့ ဆွေးနွေးညှိနှိုင်း နေပါတယ်။ တစ်နိုင်ငံလုံးမှာ 2G ရော 3G ပါ သုံးစွဲနိုင်အောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဆင်းမ်ကတ်ကိုလည်း ၁၅၀၀ ထက်နည်းတဲ့ ငွေကြေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်" ဟု ၎င်းကပြောကြားခဲ့သည်။
တယ်လီနော် မြန်မာကုမ္ပဏီကို တယ်လီနော်မှ ရာနှုန်းပြည့် ပိုင်ဆိုင်မည်ဖြစ်ပြီး ငါးနှစ်အတွင်း တစ်နိုင်ငံလုံးကို ကွန်ရက်ဖြန့်ကြက် သွားမည်ဟု ဆိုသည်။
"ဆက်သွယ်ရေး ဥပဒေက မထွက်သေးဘူး ဆိုပေမယ့် အခုနောက်ဆုံးအဆင့် အစိုးရနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေရာမှာ ဥပဒေကြောင်းရာ တွေကိုလည်း ထည့်သွင်းဆွေးနွေးတာ ရှိပါတယ်။ ဒါ့ကြောင့် လိုင်စင်ရပြီး ရှစ်လကြာတာနဲ့ ၀န်ဆောင်မှုစပေးဖို့ နှောင့်နှေးမှုရှိမှာ မဟုတ်ပါဘူး" ဟု ၎င်းကဆိုသည်။ တယ်လီနော် ကုမ္ပဏီက ၎င်းတို့၏ ဆက်သွယ်ရေး ၀န်ဆောင်မှုအတွက် တစ်မိနစ်လျှင် ဖုန်းခေါ်ဆိုခ ၂၅ ကျပ် သတ်မှတ်ထားသည်။
မြန်မာနိုင်ငံတွင် ၀န်ဆောင်မှုပေးရာတွင် တစ်နိုင်ငံလုံး အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံအနှံ့တွင် ၎င်းတို့၏ ဆင်းမ်ကတ်ကို ၀ယ်ယူနိုင်မည့် နေရာပေါင်း ခုနစ်သောင်းနီးပါးနှင့် ငွေဖြည့်ကတ် ၀ယ်ယူနိုင်မည့် နေရာပေါင်း ကိုးသောင်းမှ တစ်သိန်းကြား ထားရှိနိုင်ရန် စီစဉ်သွားမည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် တယ်လီဖုန်း အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီနှစ်ခု အနေဖြင့် လိုင်စင်တွင် ပါဝင်သည့် ကတိများအတိုင်း မဆောင်ရွက်ပါက ဒေါ်လာ သန်း ၂၀၀ လျော်ကြေးပေးရမည်ဟု ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဇူလိုင် ၁၀ ရက်တွင် နေပြည်တော်၌ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော် ကုမ္ပဏီနှင့် ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီတို့ကို ပြီးခဲ့သည့် ဇွန် ၂၇ ရက်က ရွေးချယ်ထားသည်။

Tuesday, July 16, 2013

အစိုးရတာဝန်ကို တကသ ဝင်ယူမယ်


Tuesday, July 16, 2013

 အစိုးရတရပ်ရဲ့ အလုပ်ကို  ကျောင်းသားအဖွဲ့တွေက ၀င်လုပ်ပေးလို့ ရပါသလား။

မြန်မာနိုင်ငံမှာတော့ ရပါတယ် လို့ ဆိုရမယ် ထင်ပါတယ်။

လာမယ့် သောကြာနေ့ အာဇာနည်နေ့ မနက် ၁၀ နာရီမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ကျဆုံးသွားတဲ့အာဇာနည်များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥသြဆွဲရေး အစီအစဉ်ကို အစိုးရမင်းများက လုပ်ဆောင်မယ် မဟုတ်ပါဘူး။

ဒါကြောင့် ဥသြဆွဲရေးကို ပြည်သူများနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ ပြင်ဆင်ထားပါတယ်လို့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) က ဒီကနေ့ နေ့ခင်းပိုင်း ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကြေညာလိုက်ပါတယ်။

အနည်းဆုံး လူစည်ကားတဲ့ နေရာ ၃၅ ခုမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ဖို့ စီစဉ်ထားတာပါ။
နေရာအများစုကတော့ ရန်ကုန်မြို့ပေါ်မှာ ဖြစ်ပါတယ်။


သမိုင်းလမ်းဆုံ၊ လှည်းတန်းလမ်းဆုံ၊ မြေနီကုန်း၊ ဆူးလေ အစရှိတဲ့ လူစည်ကားတဲ့နေရာတွေကို တမင်တကာ ရွေးချယ်ထားတာဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊

အထွေထွေအတွင်းရေးမှူး ကိုဇေယျာလွင်က ပြောပါတယ်။

မြန်မာတပြည်လုံးမှာ  တပြိုင်တည်း လုပ်ကိုင်ဖို့ မဖြစ်နိုင်ပေမယ့် သူတို့ စီစဉ်ထားတဲ့ နေရာများမှာ
တပြိုင်တည်း ဥသြဆွဲကြမှာဖြစ်ပါတယ်။ ကားတွေက ဟွန်းတီးကြပါလိမ့်မယ်။

လတ်တလော သတ်မှတ်ထားတဲ့ ဒီနေရာတွေထဲမှာ တချို့က ဟွန်းသံကင်းမဲ့ဇုန်များထဲ
ပါဝင်နေပါတယ်။
ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲ။ အာဏာပိုင်တို့ရဲ့ တားမြစ်ထားချက်၊ စည်းကမ်းချက်များကို ချိုးဖောက်ရာ ရောက်မနေဘူးလား ဆိုတဲ့ မေးခွန်း မေးစရာ ရှိလာပါပြီ။

တခြားနေ့တွေမှာလည်း ဟွန်းသံကင်းမဲ့ဇုန်တွေက ဟွန်းသံထွက်နေတတ်တာကြောင့် အာဇာနည်နေ့ မနက် ၁၀း၃၇ အချိန်မှာ ဟွန်းတီးကြတာကိုတော့ အာဏာပိုင်တို့ ကွိုင်ရှာကြမယ်မထင်ပါဘူး။ ကွိုင်ရှာရင်လည်း ဂဠုန်ဦးစောဘက်တော်သားလို့ စွပ်စွဲခံရဖွယ်ရှိပါတယ်။

အာဇာနည်နေ့မှာ ဥသြဆွဲကြတာကတော့ ဟုတ်ပါပြီ။
အသက် ၂၀ ကျော်အရွယ် ကျောင်းသားတွေက ဒီလို ဂုဏ်ပြု၊ အောက်မေ့ဖွယ် လုပ်ရပ်ကို စီစဉ်တာကတော့ ဟုတ်ပါပြီ။
အခက်အခဲ တွေ့နိုင်တာကတော့ ဥသြဆွဲသံ ဖြစ်လိမ့်မယ်လို့ ကျောင်းသားတယောက်က သုံးသပ်ပါတယ်။
သူတို့ လူမှန်းသိတတ်စအရွယ်ကတည်းက၊ တချို့ဆိုရင် မွေးကတည်းက

ဥသြဆွဲသံ မကြားဖူးကြဘူးလို့ သိရပါတယ်။ဗိုလ်ချုပ်ကြီးတို့က နိုင်ငံတော်ကြီး ငြိမ်ဝပ်ပိပြား၊ အေးချမ်းသာယာအောင် လုပ်ဆောင်ရာမှာ အာဇာနည်နေ့ရောက်တဲ့အခါ ဥသြဆွဲသံ လုံးဝ မပြုခဲ့တဲ့အတွက် ခေတ်လူငယ်များ  အေးချမ်းသာယာခဲ့ ... အဲ ... ဒီအသံ မကြားခဲ့ကြတာပါ။ ဥသြဆွဲသံကြားဖူးသူများကို ချည်းကပ်ပြီး ဒီအသံကို ကူးယူပြီး အာဇာနည် မနက်ပိုင်း သတ်မှတ်ထားချိန်၊ သတ်မှတ်ထားတဲ့နေရာ  ရောက်တဲ့အခါ တပြိုင်နက် ဖွင့်ကြဖို့ အသင့် ဖြစ်နေပါပြီ။
ရန်ကုန်ဆိပ်ကမ်း၊ ဒလဆိပ်ကမ်းက သင်္ဘောများကနေလည်း ဥသြဆွဲကြဖွယ် ရှိပါတယ်။

အပေါ်ပုံ -
ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊
အထွေထွေအတွင်းရေးမှူး ကိုဇေယျာလွင် (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)
အောက်ပုံ - အာဇာနည်နေ့မှာ လူစုကြမယ့် နေရာများ



ဆက်သွယ်ရေးပစ္စည်းများ လိုင်စင်မလိုဘဲ လွတ်လပ်စွာတင်သွင်းနိုင်မည်

ပြည်သူ့လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည့် ဆက်သွယ်ရေးဥပဒေကြမ်းတွင် ဆက်သွယ်ရေးပစ္စည်းများ တင်သွင်းရာ၌ လိုင်စင်မလိုဘဲ တင်သွင်းနိုင်မည်ဟူသောအချက် ပါဝင်လာပြီဖြစ်သည်ဟု မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှ အလုပ်အမှုဆောင် ဦးဇော်မင်းဦးက ပြောသည်။

ယခင်ကရေးဆွဲထားသော ဆက်သွယ်ရေးဥပဒေမူကြမ်းတွင် ဆက်သွယ်ရေးပစ္စည်းများ တင်သွင်းရန်အတွက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လိုင်စင်လျှောက်ထားရမည်ဖြစ်သည်ဟု ပါရှိသော်လည်း ယခုဆွေးနွေးသောအချက်များတွင် ယင်းအချက်ကို ပယ်ဖျက်လိုက်သည်ဟု ပြည်သူ့လွှတ်တော် တွင် သွားရောက်ဆွေးနွေးသူ ဦးဇော်မင်းဦးက ပြောခြင်းဖြစ်သည်။

ယင်းသို့လိုင်စင်လျှောက်ထားရမည့်အချက်ကို ပယ်ဖျက်လိုက်ပြီး ကုန်သွယ်ရေးတွင် ကုန်သွယ်ခွင့်လိုင်စင်ဖြင့် မိမိတင်သွင်းလိုသော ဆက်သွယ်ရေးပစ္စည်းများအတွက် အမည်တင်သွင်းကာ ဈေးကွက်အတွင်း တင်သွင်းနိုင်မည်ဖြစ်သည်ဟု ၎င်း၏ပြောကြားချက်အရ သိရသည်။

ဦးဇော်မင်းဦးက “စတင်ရေးဆွဲခဲ့တဲ့ဥပဒေကြမ်းမှာတုန်းက ဆက်သွယ်ရေးလိုင်စင်မရှိဘဲ ပစ္စည်းတင်သွင်းရင် ဥပဒေအရ အရေးယူလို့ရတယ်။ လုပ်ဖို့ကြံရွယ်ရင်တောင် အရေးယူလို့ရတဲ့သဘောဖြစ်နေ တယ်။ အခု အဲဒီအချက်ကို ဖြုတ်လိုက်တယ်။ ကုန်သွယ်ခွင့်လိုင်စင်ရှိထားတဲ့ ကုန်သည်တွေအနေနဲ့ ကုန်သွယ်ရေးရာက ခွင့်ပြုချက်ရတာနဲ့ သွင်းချင်သလို သွင်းလို့ရသွားမယ်”ဟုပြောသည်။

လက်ရှိအနေအထားတွင် ပြည်တွင်းဈေးကွက်သို့ မိုဘိုင်းဟန်းဆက်များ တင်သွင်းရာတွင် တရားဝင်လိုင်စင်ဖြင့် တင်သွင်းသူများရှိသကဲ့သို့ တရားမ၀င်တင်သွင်းမှုများလည်းရှိသည်ဟု ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ဈေးကွက်အတွင်းက ပြောကြားချက်များအရ တရားမ၀င်တင်သွင်းသည့်မိုဘိုင်းဟန်းဆက်များ ပိုများကြောင်းလည်း သိရသည်။

ယင်းသို့ဆက်သွယ်ရေးပစ္စည်းများဖြစ်သည့် ဟန်းဆက်များတင်သွင်းခြင်းနှင့်ပတ်သက်ပြီး ပြည်တွင်းတွင် ဆမ်ဆောင်းမိုဘိုင်းဟန်းဆက်များ ဖြန့်ချိရေးကိုယ်စားလှယ်ဖြစ်သည့် Mobitel မှ ဒါရိုက်တာ ကိုကောင်းဆက်က “ခွင့်ပြုချက်လိုင်စင်မလိုဘဲ တင်သွင်းခွင့်ပြုလာမယ်ဆိုရင် အာမခံချက်ကောင်းကောင်းနဲ့ ၀န်ဆောင်မှုကောင်းကောင်းပေးနိုင်တဲ့ဆိုင်တွေပဲ ဈေးကွက်ပိုရလာမယ်။ နောက် နိုင်ငံတကာဈေးနှုန်းနဲ့ မကွာခြားတော့တဲ့ဈေးနှုန်းတွေနဲ့ ဖြစ်လာမယ်။ မိုဘိုင်းဈေးနှုန်းတွေ ကျဆင်းလာနိုင်မယ်”ဟု သုံးသပ် ပြောသည်။

ဆက်သွယ်ရေးဥပဒေကြမ်းနှင့်ပတ်သက်ပြီး အကြံပြုလိုသူများသည် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီရေးရာဆောင်သို့ ဇူလိုင် ၁၂ ရက်မှ ၁၅ရက်အထိ လာရောက်ဆွေးနွေး နိုင်သည်ဟု လွှတ်တော်က ကြေညာခဲ့သည်။ ယင်းသို့ကြေညာပြီးနောက်ပိုင်း သွားရောက်ဆွေးနွေးရာ ဆက်သွယ်ရေး ဥပဒေကြမ်းတွင် ပြင်ဆင်ထားသည်များရှိပြီး နိုင်ငံတကာအဆင့်မီသည့်အနေအထားတွင် ရှိသည်ဟု လည်း သွားရောက်ဆွေးနွေးနေသူ ဦးဇော်မင်းဦးကပြောသည်။   

ချိုကို
Mizzima - News in Burmese   

"ဆက်သွယ်ရေးဥပဒေကြမ်း" ကို ကိုယ်တိုင်သွားရောက်ဆွေးနွေးကြသူများ

ဆယ်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက လွှတ်တော်သို့ တင်သွင်းထားရှိသော "ဆက်သွယ်ရေးဥပဒေကြမ်း" ကို ပြည်သူ့လွှတ်တော်တွင် ဆက်လက်ဆွေးနွေးဆောင်ရွက်လျက် ရှိရာ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးလိုပါက ၁၂-၇-၂၀၁၃ ရက်နေ့မှ ၁၅-၇-၂၀၁၃ နေ့အထိ နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ ဥပဒေကြမ်းကော်မတီ ရေးရာဆောင်သို့ ကိုယ်တိုင်လာရောက် အကြံပြုဆွေးနွေးနိုင်ပါကြောင်း ကြေညာဖိတ်ခေါ်ခဲ့သဖြင့် Myanmar ICT for Development Organization (MIDO) မှ Executive Director ဖြစ်သူ ကိုနေဘုန်းလတ်နှင့် Vice-Executive Director ဖြစ်သူ ကိုညီညီ(သံလွင်)တို့က ဇူလိုင်လ ၁၄ ရက်နေ့တွင် နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ဥပဒေကြမ်း ကော်မတီ ရေးရာဆောင် အမှတ် (အိုင် ၂) သို့ သွားရောက်၍ အကြံပြုချက်များကို ကော်မတီသို့ တင်ပြဆွေးနွေးခဲ့ပါသည်။

အဆိုပါ အကြံပြုချက်များကို အောက်ဖော်ပြပါ Link များတွင် သွားရောက် Download ရယူနိုင်ပါသည်။

http://www.mediafire.com/?kvq96kilz73twnl
http://www53.zippyshare.com/v/74940343/file.html 
Ref; Nay Phone Latt

နေ့စဉ်မိုးလေ၀သသတင်း

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ထုတ်ပြန်သည့် -
နေ့စဉ်မိုးလေ၀သသတင်း
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၁၆)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း ၊မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန် - တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေ အားကောင်းမည်။

မြစ်ရေကြီးခြင်းသတိပေးချက်
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက် (၁၃း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ချင်းတွင်းမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ မော်လိုက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၇၆) စင်တီမီတာ (၂-ပေခွဲခန့်)တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက်(၄၈)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် သို့ ရောက်ရှိနိုင်ပါသည်။

မှတ်ချက်၊ ပုံမှာ Buoy Weather မှ အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်း၊ ဖိအား ပြ မြေပုံ ဖြစ်ပါသည်။ (UPDATED - 0430UTC)

Android Device from PC with Mobogenie All-in-One Android Manager Tool

Android Devices တွေ ကို apps သွင်းဖို့ All in one Android Manager အသစ်လေးပါ။ Google Play က apps တွေကို တိုက်ရိုက် ဒေါင်းလို့ ရမဲ့အပြင် Youtube က တင်ထားသော MP4,FlV,3GP Format video ဖိုင်တွေကို တိုက်ရိုက်ဒေါင်းလုပ် လုပ်ယူနိုင်ပါတယ်။ apps, contacts, messages, music, images and video files တွေကို backup နဲ့ restore လည်းလုပ်ယူနိုင်ပါတယ်။ နောက်တစ်ခု က device ထဲမှာ install လုပ်ထားတဲ့ Game နဲ့ apps တွေကိုလည်း update လုပ်နိုင်ပါတယ်။ ကျန်တာတွေကိုတော့ သူငယ်ချင်းများ ကိုယ်တိုင်ပဲ စမ်းသပ်ကြည့်ကြပါခင်ဗျာ။ အောက်က Link မှာ Download လုပ်နိုင်ပါတယ်။
http://www.kokowynnpyay.com/2013/07/android-device-from-pc-with-mobogenie.html
KoKoWynn Pyay: Android Device from PC with Mobogenie All-in-One Android Manager Tool
www.kokowynnpyay.com

GSM နှင့် WCDMA မိုဘိုင်းလ်ဖုန်း ကျပ်၁၅၀၀ ဖြင့် ဇူလိုင်လအတွင်း စရောင်းမည်

ရန်ကုန်၊ ဇူလိုင် ၁၅

CDMA ဖုန်းများကိုသာ သုံးလဆက်တိုက် ရောင်းချပေးခဲ့သော မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက GSM နှင့် WCDMA ဖုန်းများကို ကျပ် ၁၅၀၀ဖြင့် ဇူလိုင်လအတွင်း စတင် ရောင်းချပေးမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ခံ အင်ဂျင်နီယာ တစ်ဦးက ပြောကြား သည်။

ဧပြီလမှ စတင်၍ CDMA 800MHz ဖုန်းများကိုသာ ငွေကျပ် ၁၅၀၀ ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ လစဉ် လိုင်းကတ် သုံးသိန်း ငါးသောင်းကို ခွဲဝေ ရောင်းချနေရာက ယခုလမှ စတင်ကာ GSM နှင့် WCDMA လိုင်းကတ်များကိုပါ ရောနှော ချထားပေးမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

စတင်ရောင်းချမည့် နေ့ရက် အတိအကျကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တရားဝင် မကြေညာ သေးသော်လည်း ဇူလိုင်လ ၂၅ ရက်နေ့ တွင် လိုင်းကတ်များ စတင် ခွဲဝေပေးဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။

“CDMA က အလုံးရေ တစ်သိန်း၊ GSM နဲ့ WCDMA နှစ်သိန်းခွဲ ရောင်းမယ် လို့ ပြောတယ်။ ဘယ်လို ခွဲပေးမယ် ဆိုတာတော့ မသိရသေးဘူး” ဟု ၎င်းက ရှင်းပြသည်။

မိုဘိုင်းလ်စနစ် သုံးမျိုးကို ခွဲဝေ ရောင်းချရာတွင် နေရာဒေသအလိုက် လိုင်း တပ်ဆင်အားပေါ် မူတည်ကာ ခွဲဝေ ရောင်းချဖွယ်ရှိပြီး မိုဘိုင်းလ် ဟန်းဆက် ဈေးကွက်အပေါ် ကြီးကြီးမားမား သက်ရောက်မှု မရှိနိုင်ကြောင်း မန္တလေးမြို့တော်ရှိ ဖုန်းအရောင်းဆိုင် တာဝန်ခံ တစ်ဦးက ပြောကြား သည်။

GSM ဖုန်းများကို ယခုလ ၂၇ ရက်နေ့တွင် ရောင်းချပေးမည်ဟု သတင်းများ ထွက်ပေါ်နေပြီး အမှန်တကယ် ရောင်းချပါက GSM ဖုန်းကိုသာ ပြောင်းလဲ အသုံးပြုမည်ဖြစ်ကြောင်း CDMA ဖုန်း ကိုင်ဆောင်ထားသည့် မကွေး ဆေးတက္ကသိုလ် ကျောင်းသား တစ်ဦးက ပြောကြားသည်။

ဇန်နဝါရီလမှ စတင်ကာ ရောင်းချမှု ရပ်ဆိုင်းထားသည့် GSM/WCDMA ဖုန်းများကို လိုင်းအင်အား တိုးချဲ့မှုများ ဆက်လက် လုပ်ဆောင်နေပြီး အလုံအလောက် တပ်ဆင်ပြီးပါက စတင် ရောင်းချမည်ဖြစ် ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ကြေညာထားသည်။

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC က တပ်ဆင်သည့် CDMA ဖုန်းများကို လိုင်းကတ် တစ်သန်း အထိ ရောင်းချပြီးနောက် GSM/WCDMA ဖုန်းများ စတင် ရောင်းချပေးမည်ဟု ကနဦး သတင်းများ ထွက်ပေါ်ခဲ့ပြီး CDMA ဖုန်းများ ရောင်းချမှုမှာ ဇွန်လတွင် လိုင်းကတ် တစ်သန်း ကျော်လွန်ခဲ့သည်။

GSM/WCDMA ဖုန်းများ ရောင်းချမည့် အသေးစိတ် အချက်လက် ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြန်ကြားရေး တာဝန်ခံသို့ ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။
Ref; The Voice Weekly

သမ္မတ၊ လွှတ်တော်ဥက္ကဌတွေနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကို အာဇာနည်နေ့တက်ရောက်ဖို့ တောင်းဆို

ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၆ နှစ်မြောက် အာဇာနည်နေ့ ဂါရဝပြုအခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌတွေနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ တက်ရောက်ဂါရဝပြုဖို့ လူထုအခြေပြုအဖွဲ့အစည်း ၃ဝ ကျော်က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ယုဒဿန်ခန်းမမှာ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ အာဇာနည်နေ့ အခမ်းအနားကျင်းပဖို့် ကြိုတင်ပြင်ဆင်ရေး ဒုတိယအကြိမ်တွေ့ဆုံပွဲမှာ အခုလို တောင်းဆိုလိုက်ကြတာပါ။

"တောင်းဆိုခဲ့တဲ့ ၃ ချက်မှာ သူတို့ပါသဘောတူတယ် ဆိုတဲ့အကြောင်းကို ကျနော်တို့ တရားဝင်ဖြစ်စေချင်တယ်၊ အဲဒါကြောင့်မို့ ၁၉ ရက်နေ့မှာ ဘယ်ပုံစံလုပ်ကြမလဲ ခုနကအချိန်၊ နေရာပေါ့၊ အဲဒါလေးတွေလဲ အားလုံးအတည်ပြုချင်တဲ့အတွက် မနက်ဖြန် သမ္မတရုံးဝဘ်ဆိုဒ်ကိုလည်း ပို့မယ်၊သမ္မတရော၊ လွှတ်တော်ဥက္ကဌရော၊ကာကွယ်ရေးဦးစီးချုပ်ရော သူတို့တွေကို လိပ်မူပြီးတော့မှ စာတိုက်ကနေတဆင့်ပို့ပါ့မယ်"

အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့၊ နံနက် ၁ဝ နာရီ ၃၇ မိနစ် အချိန်မှာ နိုင်ငံပိုင် အသံလွှင့်မီဒီယာတွေနဲ့ ပုဂ္ဂလိကပိုင် မီဒီယာတွေက ဥသြသံ ၁ မိနစ် ထုတ်လွှင့်ပေးဖို့ တောင်းဆိုချက်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တ.က.သ) ကျောင်းသားတွေကလည်း လှည်းတန်းလမ်းဆုံ၊ သမိုင်းလမ်းဆုံစတဲ့ လူစည်ကားတဲ့နေရာ ၃၆ နေရာမှာ ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဂျူလိုင်လ ၁၉ ရက်နေ့မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲဂုဏ်ပြုသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီဂုဏ်ပြုအစီအစဉ်တွေမှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်သွားဖို့ကိုလည်း တက္ကသိုလ် ကျောင်းသား သမဂ္ဂ (တ.က.သ) အဖွဲ့ဝင်တွေ က နိုးဆော်ထားပါတယ်။

Ref; RFA Burmese

ရန်ကုန်ကလေးဆေးရုံကြီး သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ခုနစ်ဦးရှိ

 ခုချိန်မှာဒုက္ခအပေးဆုံးဖြစ်နေတဲ့ ဒီသွေးလွန်တုတ်ကွေးရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။
 ရန်ကုန်၊ ဇူလိုင်၁၅

လတ်တလော ကလေးငယ်များတွင် အဖြစ်အများဆုံး ရောဂါဖြစ်သော သွေးလွန်တုပ်ကွေးကြောင့် ရန်ကုန် ကလေးဆေးရုံကြီးတွင် သေဆုံးသူ ခုနစ်ဦးအထိ ရောက်ရှိလာပြီ ဖြစ်ကြောင်း အဆိုပါဆေးရုံ အုပ်ကြီး ဒေါက်တာသန်းထိုက်က The Voice သို့ ပြောကြားသည်။
ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ ဇွန်လကုန်ထိ သွေးလွန်တုပ်ကွေးကြောင့် လာရောက်ကုသသူ ၁၇၂၇ ဦးတွင် ခုနစ်ဦးသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။

ကလေးသေဆုံးရခြင်းသည် သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာများကို မသိရှိခြင်းကြောင့် ဆေးရုံသို့အရောက် နောက်ကျကာ အသက်ဆုံးရှုံးရခြင်း ဖြစ်ပြီး ယခုနှစ်တွင် သွေးလွန်တုပ်ကွေး လူနာများသည် သိသိသာသာ မြင့်တက်ခဲ့ကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။

“အဖျားကျလာရင် လန်းရမယ်။ ဆော့ကစားရမယ်။ အစာတောင်းရမယ်၊ ခွေမနေရဘူး။ ကလေးက အဖျားကျပေမယ့် ခုနကပြောသလိုမဖြစ်ဘဲ ဂျီကျနေမယ်။ နှာခေါင်းသွေးလျှံမယ်။ အညိုရောင်တွေ အန်မယ်၊ ဝမ်း မည်းမည်းသွားမယ်။ တံတောင်အောက် ဒူးခေါင်းအောက်တွေက အေးစက်စက် စေးထန်းထန်း ဖြစ်နေမယ်။ ဗိုက်က အဆက်မပြတ်နာပြီး အန်နေမယ် ဆိုရင်တော့ သွေးလွန်တုပ်ကွေး ဖြစ်ပြီပဲ” ဟု ဒေါက်တာသန်းထိုက်က ရှင်းပြသည်။

သွေးလွန်တုပ်ကွေးသည် ရိုးရိုးတုပ်ကွေးနှင့် ရောဂါလက္ခဏာချင်း တူပြီး သွေးလန့်သည့် အချိန်ကျမှသာ သွေးလွန်တုပ်ကွေးဖြစ်မှန်း သိရှိကြကြောင်း၊ ယင်းသို့ ပြင်းထန်သောအဆင့် ရောက်ရှိလာပါက ကလေးအထူးကု ဆရာဝန်ရှိသော ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ရန် လိုအပ်ကြောင်း ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက တိုက်တွန်းထားသည်။

ရန်ကုန် ကလေးဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးနှင့် လာရောက်ကုသနေသူ ကလေးငယ် အများစုသည် သန်လျင်၊ ရွှေပြည်သာ၊ ဒလ၊ အင်းစိန်၊ လှည်းကူးနှင့် တိုက်ကြီးမြို့နယ်တို့မှ ဖြစ်ကြကြောင်း အဆိုပါဆေးရုံက ထုတ်ပြန်သည်။

ရန်ကုန် ကလေးဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသည့် ကလေးဦးရေသည် ၂၀၁၂ တစ်နှစ်လုံးတွင် ၁၁၄၄ ဦးရှိသော်လည်း ယခု ၂၀၁၃ ခုနှစ် နှစ်ဝက်ပိုင်း အတွင်းတွင်ပင် ဖြစ်ပွားသူ ၁၇၂၇ ဦးရှိခဲ့သည်။

မြန်မာနိုင်ငံသည် ယခုနှစ် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်းများသော အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများထဲမှ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်နယ်မြေနှင့် မွန်ပြည်နယ်တို့တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း အမြင့်ဆုံး ဖြစ်ခဲ့သည်။

(ရလေး၊ အောင်သော်ဖြိုး၊ သန္တာ)
 Ref: The Voice Weekly

ညွှန်မှူး အဆင့် ပါတဲ့ အခွန် အရာရှိ ၃၀ ကျော်ကို အရေးယူ

ဘဏ္ဍာရေး ဝန်ကြီးဌာနက အခွန်နဲ့ သက်ဆိုင်တဲ့ အရာရှိ ၃၁ ယောက် ကို အရေးယူ မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဘဏ္ဍာရေး ဝန်ကြီးဌာန အဆင့်မြင့် တာဝန်ရှိ သူက ဘီဘီစီကို အတည်ပြုပြော ပါတယ်။

အိမ်ခြံမြေ ရောင်းဝယ် ရေးနဲ့ သက်ဆိုင်တဲ့ အခွန်နဲ့ ပတ်သက်တဲ့ အဂတိ လိုက်စားမှုကြောင့် အခုလို အရေးယူတာ ဖြစ်ပြီး နိုင်ငံတော်ကို ကျပ်သိန်း ၆ဝဝဝ ကျော် ပြန်ပေး ခဲ့ရတယ်လို့ အဲဒီ အရာရှိက ပြောပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့က အခွန် အရာရှိ ၁၃ ယောက် ကို ရာထူးက ဖယ်ရှား လိုက်ပြီး ၇ ယောက် ကို ဌာန ပြောင်းရွေ့ခဲ့ ပါတယ်။

အရာရှိ ၁၁ ယောက်ကိုတော့ အငြိမ်းစား ပေးခဲ့တယ် လို့လည်း အဲဒီ အရာရှိက ပြောပါတယ်။

အရေးယူ ခံကြ ရသူတွေထဲမှာ ညွှန်ကြားရေးမှူး အဆင့် ၃ ယောက်၊ လက်ထောက် ညွှန်ကြားရေးမှူး ၂၁ ယောက်၊ ဦးစီး အရာရှိ ၇ ယောက်တို့ ဖြစ်ကြ ပါတယ်။

ရန်ကုန်တိုင်းက ၂၃ ယောက်နဲ့ မန္တလေး တိုင်းက ၄ ယောက် ပါဝင်ပြီး အများ အားဖြင့် မြို့နယ် ဦးစီး အရာရှိတွေ အရေးယူခံခဲ့ကြ ရတာလို့ သူက ဆိုပါတယ်။

အဲဒီ အခွန် အရာရှိတွေကို ဥပဒေကြောင်း အရ အရေးယူနိုင်ပေမဲ့ နည်း စနစ် တကျ ဆောင်ရွက်ဖို့ အားနည်းမှု အဖြစ်သာ သတ်မှတ်ပြီး ဝန်ထမ်း စည်းမျဉ်း စည်းကမ်း အရပဲ အရေးယူ ခဲ့တာ လို့ အခွန် အရာရှိက ပြောပါတယ်။

ဦးသိန်းစိန် အစိုးရ တက်လာခဲ့ ပြီးတဲ့နောက်မှာ ပြီးခဲ့တဲ့ နှစ်က အကောက်ခွန် အရာရှိ ၃၃ ယောက် အပါအဝင် အမှုထမ်း အရာထမ်း ၄၆ ယောက် ကို အရေး ယူခဲ့ပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဝန်ကြီးဌာနများ၏ အလွဲသုံးစားမှုများစစ်ဆေးရန် အတွင်းစာရင်းစစ်အဖွဲ့ ဖွဲ့စည်း

ရန်ကုန်- အစိုးရ၀န်ကြီးဌာနများ၏ ငွေကြေးအလွဲသုံးစားပြုလုပ်မှုများကို တိုက်ရိုက်စစ်ဆေးရန် အစိုးရက အတွင်းစာရင်းစစ်အဖွဲ့ ဖွဲ့စည်းလိုက်ပြီး လစဉ်စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

ဇူလိုင် ၁၅ ရက်က ရန်ကုန်မြို့ အာမခံရုံး၌ အမှုထမ်းအရာထမ်းများနှင့် ၀န်ကြီးဒေါက်တာမောင်မောင်သိမ်းတို့ တွေ့ဆုံပွဲတွင် အထက်ပါအ တိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အတွင်းစာရင်းစစ်အဖွဲ့ကို ဒေါက်တာမောင်မောင်သိမ်းက ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ အထွေထွေမန် နေဂျာ ၁၁ ဦးဖြင့် ဖွဲ့စည်းထားကြောင်း ဒုဝန်ကြီးကပြောသည်။

“ဒီအဖွဲ့အနေနဲ့ ၀န်ကြီးဌာနတွေမှာ အလုပ်ကို ပီပီပြင်ပြင်လုပ်နိုင်ရဲ့လား။ ဥပဒေနဲ့ညီရဲလား။ အဲဒါတွေအပြင် ငွေကြေးအလွဲသုံးစား လုပ်မှုတွေကိုလဲ အရေးကြီးရင်ကြီးသလို ၀င်ရောက်ကိုင်တွယ်သွားမယ်”ဟု ဒေါက်တာမောင်မောင်သိမ်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ၀န်ကြီးဌာနအချို့အတွင်း ပွင့်လင်းမြင်သာမှုမရှိခြင်း၊ အလွဲသုံးစားပြုလုပ်နေခြင်း၊ ၀န်ကြီးဌာန၏ သတ်မှတ်ထားသည့် လုပ်ပိုင် ခွင့်ထက်ကျော်လွန်ပြီး လုပ်ဆောင်မှုများရှိနေသောကြောင့် အဆိုပါအဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်နိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်သည်။

ဝန်ကြီးဌာနများ၏ လက်ရှိဝင် ငွေ၊ ထွက်ငွေအသုံးပြုမှုစာရင်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ၀န်ကြီးဌာနများတွင် အတွင်းစာရင်းစစ်၊ အပြင်စာရင်းစစ်များဖြင့် နှစ်စဉ်စစ်ဆေးလျက်ရှိသည်။

“အခုမှ လူထုအမြင်မှာထူးပြီး အမြင်ကြည်လာအောင် လုပ်ပြတာဖြစ်မယ်။ အမှန်တကယ် မလိုအပ်ဘူးလို့ ထင်တယ်။ စာရင်းစစ်ချုပ်ရုံး ဆိုတာရှိနေပြီးသားပဲ”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကြည်မြင့်က ဝေဖန်ပြောကြားသည်။

၂၀၁၂ခုနှစ်မတ်လက ပြည် ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုဝန်ကြီးဌာနများ၏ မသမာမှုများ၊ စွမ်းဆောင်ရည်နိမ့်ကျမှုများ၊ လိမ် လည်မှုများနှင့် ငွေကြေးဆိုင်ရာလုပ် ထုံးလုပ်နည်း မလိုက်နာမှုများကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အစီရင်ခံစာတစ်ရပ်ကို တင်သွင်းခဲ့ သည်။

အဆိုပါ အစီရင်ခံစာတွင် စက်မှုဝန်ကြီးဌာန ယခင်စက်မှု(၁)၀န်ကြီးဌာနနှင့် စက်မှု(၂)၀န်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သမ၀ါယမ၀န်ကြီးဌာနများမှ ငွေကြေးနှင့်ပတ် သက်ပြီးမရိုးဖြောင့်သည့် ကိစ္စရပ်များ ပေါ်ပေါက်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် မတ်လထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ထို့အပြင် ၂၀၁၂ခုနှစ် နိုဝင်ဘာ ၁၆ရက်တွင် ဒုတိယအကြိမ်လွှတ်တော်သို့ ထပ်မံတင်သွင်းခဲ့ရာ အထက်ပါဝန်ကြီးဌာနများသာမက ၀န်ကြီး ဌာန ၁၅ ခု၏ အလွဲသုံးစားမှု၊ မရိုးဖြောင့်မှုများကိုပါ ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ်သန်း ၅၈၃၉၈ဒသမ ၈၁၀၊ အမေရိကန် ဒေါ်လာ ၂၉၂၉၇၇ဒသမ ၃၁၀ဆုံး ရှုံးနစ်နာခဲ့ရကြောင်း နိုဝင်ဘာလထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။
 
Ref: 7 Day News

မိုဘိုင်းအင်တာနက်ကို ဖုန်းကတစ်ဆင့်လျှောက်နိုင်မည်

မိုဘိုင်းအင်တာနက် လျှောက်ထားချင်သူတွေအတွက် သြဂုတ်လ ၁ ရက်နေ့က စပြီး မက်ဆေ့ခ်ျ နံပါတ် 133 ကတစ်ဆင့် မိုဘိုင်းအင်တာနက်လျှောက်ထားနိုင်ပြီလို့ မြန်မာ့ဆက်သွယ်ရေးသင်တန်းကျောင်းက ကျောင်းအုပ်ကြီး ဦးကျော်စိုးထံက သိရပါတယ်။
ကနဦးလျှောက်ထားမှုအတွက် ယခင်အင်တာနက်လျှောက်တုန်းက နှုန်းထားအတိုင်း ကျပ် တစ်သောင်း ကျသင့်မှာဖြစ်ပါတယ်။ မက်ဆေ့ခ်ျပို့ပြီး လျှောက်ထားဖို့အတွက် ဖုန်းထဲမှာ ကြိုတင်ငွေ ကျပ် တစ်သောင်းရှိဖို့လိုပါတယ်။
လျှောက်ထားသူတွေအနေနဲ့ မက်ဆေ့ခ်ျနံပါတ် 133 ကို ရိုက်နှိပ်ပြီး လျှောက်ထားရမှာပါ။ စက္ကန့်အနည်းငယ်အတွင်း အင်တာနက်လျှောက်ထားမှုအတွက် လက်ခံရရှိကြောင်းကို စာတို မက်ဆေ့ခ်ျအနေနဲ့ “You have order data service successfully” ဆိုပြီး မက်ဆေ့ခ်ျပြန်ပို့ပေးလာခဲ့ရင် အင်တာနက်လျှောက်ထားမှု ပြီးမြောက်ပြီဖြစ်ပါတယ်။ မက်ဆေ့ခ်ျရောက်တာနဲ့ တစ်ပြိုင်နက် ဖုန်းမှာ အင်တာနက်ကို အလိုအလျောက်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အင်တာနက်အသုံးပြုခအတွက် ဂျီအက်စ်အမ်ဖုန်းကို တစ်မိနစ်ကို နှစ်ကျပ် ကျသင့်မှာဖြစ်ပြီး စီဒီအမ်အေနဲ့ သရီးဂျီဖုန်းအတွက်က တစ်မိနစ်ကို လေးကျပ် ကျသင့်မှာဖြစ်ပါတယ်။

Monday, July 15, 2013

မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခု



မြန်မာနိုင်ငံမှာ ရှိတဲ့ လူအများစုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့အသုံးဝင်မှု လျှို့ဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါး နေပါတယ်။ ကိုင်နေတဲ့လူ အများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများ အားဖြင့် Camera, Music, Bluetooth, FM, Radio, Alarm နဲ့ Game အစ ရှိတာတွေ လောက်သာ အသုံးပြု နေကြတာ များပါတယ်။ ဒါကြောင့် ဒီထက် ပိုပြီး အသုံးဝင်မှု နဲ့လျှို့ဝှက်ချက် အနည်းငယ်ကို ဖော်ပြပေး လိုက်ပါတယ်။



(၁) အရေးပေါ် ကွန်ယက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်း ဖုန်းတွေဟာ ၁၂၂ ဆိုတဲ့ နံပါတ်ကို နှိပ်လို့ရတာ တွေ့ရပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး ဆိုင်ရာ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲမှာ ရှိရင် ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ရက်ကို အလိုလျောက် ရှာမှာ ဖြစ်ပါတယ်။ ဒီနံပါတ်ဟာ မိုဘိုင်းဖုန်းရဲ့ ခလုတ်တွေကို ပိတ်ထားရင်တောင် နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။

(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံးပြုရင်း ဘက်ထရီ အားနည်းလာပြီ ဆိုရင် *3370# ကို နှိပ်လိုက်တာနဲ့ ဖုန်းတွေမှာ အရေးပေါ် သုံးဖို့ ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးမှာ ဖြစ်လို့ ဖုန်းမှာ ဘက်ထရီ ထက်ဝက်အား ပြန်ပြည့် လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

နောက်တစ်ကြိမ် မိုဘိုင်းဖုန်း ဘက်ထရီ အားပြန်ဖြည့်တဲ့ အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံးအတွက် ဘက်ထရီအားကို အလိုလျောက် အားပြန်ဖြည့်မှာ ဖြစ်ပါတယ်။ ဒီနည်းဟာ လူအများ စု အတွက် အသုံးဝင် စေမယ့် အချက် တစ်ချက် ဖြစ်ပါတယ်။

(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထားတဲ့ကား အသုံးပြုသူတွေ အတွက် ကားထဲမှာ သော့ကျန် ခဲ့ခြင်း၊ အပိုသော့ တစ်ချောင်း အိမ်မှာ ကျန်ရှိနေခြင်း ဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေတာကို တွေ့ရမှာပါ။

အသုံးပြုပုံ ကတော့ အိမ်မှာရှိတဲ့ လူတစ်ယောက် ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့ အဆက် အသွယ် ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ ခလုတ်ကို ဖုန်းအနား ကပ်ပြီး နှိပ်ခိုင်းလိုက်ရုံနဲ့ ကားတံခါး ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ ကားနားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်းဟာ မိမိအတွက် ပင်ပန်းမှု မရှိစေဘဲ အဆင်ပြေစေမယ့် နည်းလမ်း တစ်ခု ဖြစ်ပါတယ်။

(၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့ မိုဘိုင်းဖုန်းဟာ ကျပျောက်ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်း အစရှိတဲ့ အကြောင်း တစ်ခုခုကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရ နိုင်တော့ဘူးဆိုရင် အဲဒီ ဖုန်းကတ်ကို ဖျက်ဆီးပစ်လို့ ရပါ တယ်။ ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06# ကို နှိပ်ပါ။ အဲဒီ အခါမှာ ဂဏန်း (၁၅) လုံး ပေါ်လာမှာ ဖြစ်ပါတယ်။

အဲဒီ ဂဏန်းတွေဟာ မိမိဖုန်းရဲ့သီးသန့် နံပါတ်တွေပါ။ ဒီဂဏန်းတွေကို ပထမဆုံး သိရှိထားဖို့တော့ လိုအပ်မှာပါ။ ကိုယ့်ဖုန်း ပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ဖုန်းဆက်ပြီး ကုတ်နံပါတ် ပြော၍ ဖုန်းပိတ် ခိုင်းနိုင် ပါတယ်။ တကယ်လို့ ခိုးသူဟာ Simcard ကို မထုတ်ရသေးခင် တိုင်တန်းမယ် ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ်နိုင်မှာ ဖြစ်လို့ မိမိဖုန်းထဲက ဖုန်းနံပါတ် စာရင်းတွေကို တခြားသူ မသိအောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

(၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်း တွေရဲ့ ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့ တစ်ခု တူညီမှု မရှိကြပါဘူး။ ဒါပေမယ့် Nokia ဖုန်း အသုံးပြုမယ့် သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြ ပေး လိုက်ပါတယ်။ ကုတ်နံ ပါတ်တွေ အနေနဲ့ IMEI (International Mobile Equipment Identity) ကို ကြည့်မယ် ဆိုရင်တော့ *#06# ကို နှိပ်ပြီး ကြည့်ရှု နိုင်ပါတယ်။

LCD Display ကိုပိုပြီး ရှင်းလင်း ပြတ်သားစွာ မြင်ချင်တယ်ဆိုရင် *#67705646# ကိုနှိပ်ပြီး ကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့်ဖ်ဝဲ Version ကို ကြည့်မယ် ဆိုရင်တော့ *#0000# ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။ Bluetooth device တွေရဲ့တည်နေရာကို ကြည့်ချင်တယ် ဆိုရင် *#2820# ကိုနှိပ်ပြီး ကြည့်နိုင် ပါတယ်။

ဖုန်းရဲ့ ထုတ်လုပ်တဲ့ အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နဲ့ ဖုန်းကို နောက်ဆုံး ဘယ်အချိန်မှာ ပြုပြင်ခဲ့တယ် ဆိုတဲ့ အကြောင်းအရာနဲ့ ဖုန်း lifetime ကို သိရှိလိုရင်တော့ *#92702689# ကို ရိုက်နှိပ် နိုင်ပါတယ်။ မှတ်သား ထားသော ဖုန်းနံပါတ်များကို ချေဖျက် ချင်ပါက *#3925538# ကို နှိပ်ပြီး ဖျက်နိုင် ပါတယ်။ Serial 60 ဖုန်းတွေ အတွက်ကတော့ *#737092 5538# ကို နှိပ်ပြီး ဖုန်းကို reset lock လုပ်နိုင်ပါတယ်။

ဒါပေမယ့် ဖုန်းပြန်တက် လာတဲ့ အချိန်မှာ defult code 12345 ကို ရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွားမှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်း တစ်လုံးအား ကျွမ်းကျင်စွာ ကိုင်တွယ် နိုင်ပါစေ။ 

GSM မိုဘိုင်းဖုန်းကို ၁၅၀၀ ကျပ်ဖြင့် စတင် ရောင်းချမည်


မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည် ဇူလိုင်လ ၂၅ ရက်နေ့၌ GSM ဖုန်းလိုင်းအရေအတွက် ၂ သိန်းကို ငွေကျပ် ၁၅၀၀ ဖြင့် ပထမဦးဆုံး အကြိမ် စတင် ရောင်းချပေးသွားမည်ဟု ဆက်သွယ်ရေးသင်တန်း ကျောင်းအုပ်ကြီး ဦးကျော်စိုးက ပြောသည်။

“ဘယ်နေရာမှာ အရေအတွက် ဘယ်လောက်ဆိုတာမျိုးက ထပ်ပြီးတော့ အသေးစိတ် ကြေညာပါလိမ့်မယ်။ ရောင်းတာကတော့ ဈေးမပြောင်းဘူး။ ၁၅၀၀ ကျပ်ပဲ” ဟု ဦးကျော်စိုးက ဆိုသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် ပူးပေါင်း၍ CDMA 800 မိုဘိုင်း ဖုန်းလိုင်းများကို ငွေကျပ် ၁၅၀၀ ဖြင့် ဧပြီလအတွင်း စတင် ရောင်းချပေးခဲ့သည်။

CDMA ဖုန်းလိုင်းအသုံးမပြုနိုင်သည့် နေရာဒေသတချို့၌ WCDMA ဖုန်းလိုင်းအနည်းငယ်ကို ယခင်က ရောင်းချပေးခဲ့သည်။ “GSM က အရေအတွက် ၂ သိန်း၊ CDMA က အရေအတွက် ၁ သိန်း ခွဲရောင်းမှာ” ဟု ဦးကျော်စိုးက ပြောသည်။ အစီအစဉ်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မိုဘိုင်းဖုန်းလိုင်းကို ခွဲတမ်းအနေဖြင့် ရောင်းချပေးနေခြင်း ဖြစ်ပြီး လစဉ်လတိုင်းအရေအတွက် ၃ သိန်းခွဲကို ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

လိုင်းအရေအတွက် ၁၀ သိန်းကျော် ချထားပေးပြီးဖြစ်သည့် MEC ၏ CDMA 800 မိုဘိုင်း ဖုန်းလိုင်းကွန်ရက်သည် လက်ရှိ အချိန်၌ ပြည့်ကျပ်မှု ဖြစ်ပေါ်လာကြောင်း၊ ဆက်လက်တိုးချဲ့ နေသည့် မိုဘိုင်း ကွန်ရက်များမှာ 3G စနစ် အသုံးပြုသည့် GSM မိုဘိုင်းဖုန်းလိုင်း ကွန်ရက်များသာ ဖြစ်ကြောင်း၊ ထို့ကြောင့် ချထားပေး မည့် မိုဘိုင်း ဖုန်းလိုင်းများမှာ GSM များသာ ဖြစ်လာနိုင်ကြောင်း မိုဘိုင်း အင်ဂျင်နီယာမှူးတစ်ဦးက ပြောသည်။

နိုင်ငံတကာ အဆင့်အတန်းမီသည့် GSM ဖုန်းလိုင်းများကိုသာ အသုံးပြုသူများအနေဖြင့် အသုံးပြု ကြသော်လည်း လက်ရှိအချိန်၌ MEC ၏ CDMA ဖုန်းလိုင်းများကိုသာ ရောင်းချပေးနေသည့်အတွက် အသုံးပြုသူများမှာ ရရှိရာ ဖုန်းလိုင်း ကိုသာ အသုံးပြုကြရသည် ဟု မိုဘိုင်းဖုန်းဆိုင်တချို့က ပြောသည်။ “GSM ချထားပေးမယ်ဆို ကောင်းတာပေါ့။ အားလုံးကလည်း ဒါကိုပဲ မျှော်နေကြတာပါ။ ဈေးကွက်က သိပ်ပြီး ပြောင်းလဲသွားမယ် မထင်ဘူး။ ဆိုင်တွေကလည်း များတယ်။ ထွက်တဲ့ကတ် ကလည်း နည်းတယ်။ သူမိတ်နဲ့ သူနဲ့ပဲသွား မယ်ထင်တယ်။ အရင်လို CDMA 800 ဖုန်းတွေလိုပဲ ဖြစ်မယ်ထင်တယ်” ဟု ACE ဟန်းဆက်အ ရောင်းဆိုင်မှ ဦးသန်းထိုက်က ပြောသည်။

Sunday, July 14, 2013

အာဇာနည်ကုန်းမှာ ဗုံးခွဲပီး တောင်ကိုရီးယား သမ္မတ နှင့် ဝန်ကြီးများအဖွဲ့ကို လုပ်ကြံဖောက်ခွဲခဲ့သူ တရားခံမြောက်ကိုရီးယားနှစ်ဦးအား ရဲရဲရင့်ရင့်စွန့်စွန့်စားစားဖြင့် တာဝန်သိပြည်သူပီသခဲ့သော သခွတ်ပင်ရွာမှ အမေ့လျော့ခံလူစွမ်းကောင်းများ၊အခု တော့ လယ်ယာမြေအသိမ်းခံရရှာပြ

အာဇာနည်ကုန်းမှာ ဗုံးခွဲပီး တောင်ကိုရီးယား သမ္မတ နှင့် ဝန်ကြီးများအဖွဲ့ကို လုပ်ကြံဖောက်ခွဲခဲ့သူ တရားခံမြောက်ကိုရီးယားနှစ်ဦးအား ရဲရဲရင့်ရင့်စွန့်စွန့်စားစားဖြင့် တာဝန်သိပြည်သူပီသခဲ့သော
သခွတ်ပင်ရွာမှ အမေ့လျော့ခံလူစွမ်းကောင်းများ၊အခု တော့ လယ်ယာမြေအသိမ်းခံရရှာပြီ တဲ့။
------------------------------------------------------------------------------------------------------------------

လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်ကဖြစ်သည်။ အချိန်ကား ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ ကိုစိုးငြိမ်းသည် သခွတ်ပင်ရွာမှ ရွာသားတစ်ဦးဖြစ်သည်။

ရာသီဥတုသာယာသော ထိုနေ့၏မနက် ၇ နာရီခန့်တွင် ရန်ကုန်မြစ်ဝနားရှိ သခွတ်ပင်ရွာမှ အသက် ၂၁ နှစ်အရွယ် ကိုစိုးငြိမ်းတစ်ယောက် နေ့စဉ်လုပ်ငန်းဖြစ်သော ငါးရှာရန်အတွက် မြစ်အတွင်းသို့ ထွက်ခွာရန်ပြင်ဆင်နေသည်။ ရေလုပ်သားလေးသည် မကြာမီ မိနစ်ပိုင်းအတွင်း သူ့ဘ၀အတွက် ကြီးမားသည့် အလှည့်အပြောင်းတစ်ခု ကြုံရတော့မည်ကို သူလုံးဝထင်မထားခဲ့။

လှော်တက်နှင့်ပိုက်ကွန်ကို လှေပေါ်တင်ကာ မြစ်ထဲသို့ထွက်လာခဲ့ပြီးနောက် ဒေသရိုးရာအစဉ်အလာအတိုင်း ဘေးကင်းရေး၊ ငါးများများ ဖမ်းမိရေးအတွက် စောင့်ရှောက်သူများအား ရည်စူးပြီး ဘိလပ်ရေပုလင်း၊ ဘဲဥတို့ကိုလှေဦးတွင်တင်ကာ ပသလိုက်သည်။

ပူဇော်ပသခံရသူများ၏ ဆောင်မမှုကြောင့် ဟုတ်၊ မဟုတ် သူမသိ။ ဟုတ်သည်ဆိုပါကလည်း တောင်းသည့်ဆုနှင့် ရသည့်ဆု မတူခဲ့။ ထိုနေ့တွင် သူရည်ရွယ်သလို ငါးများတော့ မဖမ်းမိခဲ့ဘဲ ရန်ကုန်ရှိ အာဇာနည်ဗိမာန်သို့ လာရောက် ဖောက်ခွဲခဲ့သည့်မြောက်ကိုရီးယားသူလျှိုနှစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။

သူ၏လှေငယ်သည် နန်းတော်ငူဟုခေါ်တွင်သည့် ချောင်းဝသို့ရောက်လာသောအခါတွင် မျက်နှာစိမ်းလူနှစ်ယောက်မှာ ကမ်းစပ်တွင်ထိုင်နေရာမှ ကြောက်လန့်တကြီးဖြင့် ချုံပုတ်ထဲသို့ ပြေးဝင်သွားခဲ့သည်။

ပိုက်တားနေစဉ်တွင် အဆိုပါမျက်နှာစိမ်းနှစ်ဦးချုံပုတ်ထဲမှ ပြန်ထွက်လာပြီး လှေနံရံကိုကိုင်ကာ သူနေထိုင်ရာသခွတ်ပင်ရွာသို့ ပို့ပေးရန် သူတစ်ခါမှမကြားဖူးလေသော ဘာသာစကားတစ်ခုဖြင့်ပြောသည်။

မျက်နှာစိမ်းများကိုကူညီရန်အတွက် သူ၏အတွေးထဲတွင် တွေဝေမှုများဖြင့် ပြည့်နေခဲ့သည်။

ဧည့်သည်နှစ်ဦး၏ ရုပ်ပုံမှာ တရုတ်မျက်နှာပေါက်ဖြစ်နေပြီး သူတစ်ခါမှမကြားဖူးသော ဘာ သာစကားကြောင့် ၄င်းတို့မှာ သင်္ဘောပျက်ကာ ပင်လယ်ဝရှိ သူတို့ရွာနားရောက်လာသူများလားဟု သူတွေးမိသည်ဟုဆိုသည်။ သို့သော်လည်း ပုဆိုးကိုယ်စီဝတ်ထားသော ထိုနှစ်ဦးကြောင့် ရေမျောကမ်းတင်တွေများလားဟူသော အတွေးသည်လည်းေ၀၀ါးခဲ့ရသည်။

မျက်နှာစိမ်းနှစ်ဦး၏ သွင်ပြင်လက္ခဏာမှာ သူ့အဖို့ ထူးဆန်းနေခဲ့သည်။ နှစ်ယောက်စလုံးက ဧရာမလွယ်အိတ်ကြီးများ ကိုယ်စီလွယ်ထားကြပြီး အိတ်ထဲသို့လည်း လက်တစ်ဖက်စီအမြဲတမ်း ထည့်ထားကြသည်။ သို့သော်လည်း နောက်ဆုံးတွင် ကိုစိုးငြိမ်းနှင့် နောက်ထပ်ရောက်လာသော ရွာမှအဖော်တစ်ဦးတို့သည် ဧည့်သည်နှစ်ဦးအားလှေပေါ်ခေါ် တင်လာရန် ဆုံးဖြတ်လိုက်ကြသည်။ ပဟေဠိဆန်သောဧည့်သည်နှစ်ဦး လှေပေါ်သို့ စတက်သည်နှင့် သူ့ထံသို့နောက်ထပ် အတွေးတစ်ခု ထပ်မံရောက်လာရန်အကြောင်းဖန်လာ
ခဲ့သည်။ ထိုအတွေးတစ်ခုကား မြန်မာ့အသံမှ အဆက်မပြတ်ကြေညာနေသော လွတ်မြောက်နေသေးသည့် အာဇာနည်ကုန်းဗုံးခွဲနေသူ များအကြောင်းပင်။

သာမန်အချိန်တွင် နေ့လယ်ခေတ္တနားလေ့ရှိသော မြန်မာ့အသံသည် အခုတစ်လော မရပ်မနားထုတ်လွှင့်နေသည်။ ရေဒီယိုမှထုတ်လွှင့်သည့် တောင်ကိုရီးယားခေါင်းဆောင်ချန်ဒူးဝှမ်နှင့် ၄င်း၏အစိုးရအဖွဲ့ သွားရောက်မည့် အာဇာနည်ကုန်းတွင် အောက်တိုဘာ ၉ ရက်က ချိန်ကိုက်ဗုံးပေါက်ကွဲသည့် သတင်းသည် သခွတ်ပင်ရွာသား၏နားထဲတွင်စွဲနေသည်။ ထိုပေါက်ကွဲမှုကြောင့် လူ ၂၀ ကျော်သေဆုံးကာ ၅၀ နီးပါး ဒဏ်ရာရခဲ့သည်။ ထိုအထဲတွင် တောင်ကိုရီးယား အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများလည်း အပါအ၀င်ဖြစ်သည်။

ဧည့်သည်နှစ်ဦးမှာ နားလည်ရခက်ပြီး လျှို့ဝှက်လွန်းသောကြောင့် ပထမအတွေးများထက် ဖောက်ခွဲရေးသမားများ ဖြစ်နိုင်သည်ဆိုသော သူ့အတွေးမှာ ပိုမိုခိုင်မာလာခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် လူစိမ်းနှစ်ဦးကို ရွာခေါ်သွားပြီး ရဲကင်းထံပို့ရန် ဆုံးဖြတ်လိုက်တော့သည်။

လှေပေါ်တွင်ကား စနစ်တကျလေ့ကျင့်ထားသည့် မြောက်ကိုရီးယားတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူနှစ်ဦးနှင့် တံငါရွာမှ ရွာသားလေး
နှစ်ဦးတည်း။

ဒေါသကြီးသည့် အာဏာရှင် ကြီးဦးနေ၀င်း၏ အစိုးရကို တစ်ပတ်ရိုက်ကာ မြန်မာပြည်ထဲဝင်ကာ ဗုံးဖောက်ခဲ့သည့် သူလျှိုနှစ်ယောက်ကို တံငါရွာမှ ရွာသားလေးနှစ်ဦးက ရဲလက်အပ်ရန်အတွက် လှေပေါ်တင်ကာ တစ်ပတ်ရိုက်ခေါ်လာနိုင်ခဲ့ပြီ။ အတိတ်ကိုတွေးတိုင်း စိတ်လှုပ်ရှားစရာများဖြင့် ပြည့်နှက်နေသည်ဟု ကိုစိုးငြိမ်းက သူ၏အတွေ့အကြုံများကို ပြန်ပြောပြသည်။

“နောက်ပိုင်းပြန်တွေးကြည့်တော့ ကိုယ့်ကိုယ်ကိုယ် မိုက်ရူးရဲ ဆန်ခဲ့ပါလားလို့တောင် တွေးမိတယ်။ အဲဒီတုန်းကတော့ ဒီကောင်တွေကို ရအောင်ဖမ်းမယ်ဆိုတဲ့ အတွေးပဲရှိခဲ့တယ်။ သူတို့ဆီမှာက သေနတ်တွေလည်းပါတယ်။ အဲဒါတွေပြပြီး ပင်လယ်ထဲလိုက်ပို့ခိုင်းလည်းပို့ရ မှာပဲ”

ဆိုင်ရာပိုင်ရာကို ပူဇော်ပသထားသော ဘိလပ်ရည်နှင့် ဘဲဥပြုတ်များဖြင့် ကိုစိုးငြိမ်းတို့က လှေပေါ်တွင် ဧည့်သည်များအား ဧည့်ခံလိုက်သည်။ ၄င်းတို့ကလည်း ကိုစိုးငြိမ်းတို့ကို ၂၅ ကျပ်တန်တစ်ရွက်စီ ထုတ်ပေးသည်။ ကိုစိုးငြိမ်းတို့ပိုက်ဆံယူရန်ငြင်းဆန်သော်လည်း ဧည့်သည်များက ငြင်းလေပိုပေးလေလုပ်ကာ ၂၅ ကျပ်တန် တစ်ရွက်ပြီးတစ်ရွက်ထုတ်ခဲ့သည်။

နောင်တွင်မှ ဗိုလ်ကြီးကင်မင်ချူးဟု သိရသည့်သူက ပေါ့ပေါ့းပါးပါးနှင့် ရယ်ရယ်မောမောရှိခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း နောက်တစ်ယောက်ဖြစ်သည့် ဗိုလ်ကြီးဆင်ကီချူးဟုဆိုသူတစ်ယောက်ကတော့ ကျောက်ရုပ်လိုမရယ်မပြုံးနှင့် လှေပေါ်လိုက်လာခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုစိုးငြိမ်းတစ်ယောက် သူစိမ်းနှစ်ယောက်ကို လှေပေါ်ခေါ်တင်ခဲ့မိပြီဖြစ်သည်။ လမ်းတစ်လျှောက် အရာရာကို သတိကြီးစွာထားတတ်သည့် သူတို့နှစ်ဦးကို လှည့်ကွက်တစ်ခုသုံးရန် ကိုစိုးငြိမ်နှင့် သူ၏အဖော်တို့က လှေပေါ်မှာပင် တိုင်ပင်လိုက်ကြသည်။

ကိုစိုးငြိမ်းက ဗိုက်အောင့်ချင်ယောင်ဆောင်ကာ ကမ်းပေါ်တက်မည်။ ပြီးနောက် ရဲသွားခေါ်မည်။ အဖော်လုပ်သူက ပုံမှန်အတိုင်း
ခေါ်လာရန်ဖြစ်ပြီး ရဲနှင့် တွေ့တော့မှ ကျန်တာဆက်လုပ်ရန်ဖြစ်သည်။ ကိုစိုးငြိမ်းတစ်ယောက် ကမ်းပေါ်တစ်ယောက်တည်းတက်ရန် ကြိုးစားတော့ ဧည့်သည်နှစ်ယောက် လှေပေါ်တွင် ပြာပြာသလဲ ဖြစ်သွားခဲ့သည်။

“ဗိုက်နာတယ်ပြောတော့ ဆေးပြားတွေပေးတယ်။ မဟုတ်ဘူး အခင်းသွားချင်တဲ့ပုံစံပြတော့မှ မသက်မသာနဲ့ သွားဖို့ပြောတယ်။ ကျွန်တော်လည်း တစ်ခါတည်း ကမ်းပေါ်တက်ပြေးပြီး ကျေးရွာကောင်စီနဲ့ရဲဆီသွား အကြောင်းကြားတော့တာပဲ” ဟု ကိုစိုးငြိမ်းက
ပြောသည်။ ဦးစိုးညွန့်သည် သခွတ်ပင်ရွာမှ ကျေးရွာကောင်စီအတွင်းရေးမှူး ဖြစ်သည်။

သခွတ်ပင်ကျေးရွာကောင်စီ ၏ အတွင်းရေးမှူး ဦးစိုးညွန့်ထံ ထိုနေ့မနက်ခင်းတွင် ကိုစိုးငြိမ်းနှင့် ကျေးရွာရဲကင်းမှ ရဲတပ်ကြပ်ကြီးတို့ ပေါက်ချလာခဲ့သည်။ အမူအရာထူးခြားနေသော ၄င်းတို့နှစ်ဦးက နိုင်ငံခြားသားများအကြောင်းပြောကာ စစ်ဆေးရန်အတွက် ဦးစိုးညွန့်ကိုလာခေါ်ကြသည်။

သူတို့သုံးယောက် ထွက်လာခဲ့ပြီး ရွာလယ်လမ်းရောက်တော့ မုန့်ဆိုင်တစ်ဆိုင်တွင် မုန့်ဝယ်စားနေသော ကင်မင်ချူး၊ ဆင်ကီချူး တို့နှစ်ယောက်နှင့် ဦးစိုးညွန့်တို့ တည့်တည့်တိုးခဲ့သည်။ ဒူးယားစီးကရက်ခဲလျက် လွယ်အိတ်ထဲ လက်အမြဲထည့်ထားသော သူစိမ်းနှစ်ဦးကိုရှာဖွေရန်အတွက် ဦးစိုးညွန့်တစ်ယောက် ပြင်ဆင်လိုက်သည်။

ပြုံးပြုံးရွှင်ရွှင်ပြောဆိုလေ့ရှိသည့် ကင်မင်ချူးတစ်ယောက်တော့ သူ့လွယ်အိတ်ကိုအရှာခံသော်လည်း ဆင်ကီချူးတစ်ယောက်ကတော့ သူ့လွယ်အိတ်လည်း အရှာမခံသလို စကားလည်းမပြောခဲ့ဟု ဦးစိုးညွန့်က သူ၏ အတွေ့အကြုံကိုပြန်ပြောပြသည်။

“အဲဒီအချိန်မှာကတည်းက သူတို့ဖောက်ခွဲထွက်ဖို့ လုပ်တယ်ထင်တယ်။ ဒါပေမဲ့ ကလေးတွေ အနီးမှာရှိလို့လားတော့မသိဘူး။ ကလေးတွေကို ဂိုး...ဂိုး (Go...Go) လို့မောင်းထုတ်တယ်။ အဲဒီအချိန်မှာ ဒေါ်လာတွေလည်း သူတို့ဆီကရှာတွေ့တော့ တရားမ၀င်
ငွေကြေးဆိုပြီး ရဲကင်းကိုခေါ်စစ်ဖို့လုပ်ကြတယ်”

ရဲကင်းဆီသို့ သွားရာလမ်းသို့ မြောက်ကိုရီးယားသားနှစ်ဦး၊ ဦးစိုးညွန့်၊ ရဲတပ်ကြပ်ကြီးနှင့် သူ၏တပ်သားသုံးဦးတို့ထွက်လာခဲ့ကြသည်။

အသက်သုံးဆယ် မတိမ်းမယိမ်းသာရှိသေးသည့် ဦးစိုးညွန့်နှင့် ရဲတပ်ကြပ်ကြီးတို့သည် ဧည့်သည်နှစ်ဦးအား ရွာအစွန်ရှိ ရဲကင်းထဲတွင် စစ်ဆေးရန်ပြင်ဆင်လိုက်ကြသည်။ လေတိုက်တိုင်း ဟစိဟစိဖြင့် လှုပ်ခါရမ်းနေသည့် သွပ်ပြားများဖြင့်ကာရံထားသော အဆိုပါရဲကင်းကို အပြင်မှ ရဲသုံးယောက်က သေနတ်ဖြင့် အသင့်အနေအထားပြင်ဆင်ကာ ၀ိုင်းရံထားသည်။

ရယ်ရယ်မောမောနေတတ်သည့် ကင်မင်ချူး၏လွယ်အိတ်ကို ရဲတပ်ကြီးကစစ်ဆေးခဲ့ပြီး ဆင်ကီချူး၏လွယ်အိတ်ကို ဦးစိုးညွန့်က ရှာဖွေရန်ပြင်ဆင်လိုက်သည်။ ကင်မင်ချူးက အရှာခံသော်လည်း ဆင်ကီချူးက ငြင်းဆန်ပြန်သည်။ စိတ်မြန်လက်မြန်ရှိသည့် လူငယ်အတွင်းရေးမှူးက ဆင်ကီချူး၏အိတ်ထဲ အတင်းနှိုက်ရှာဖွေရန် ကြိုးစားလိုက်သည်။

ထိုစဉ် အခြေအနေက ရုတ်ခြည်းပြောင်းလဲသွားသည်။ ဆင်ကီချူးက သူ၏အိတ်ကို နောက်သို့လွှဲလိုက်ပြီး အိတ်ထဲမှ အရာတစ်ခုနှိုက်ကာ အပြင်ရှိရဲ တပ်သားများထံ ဦးစိုးညွန့်ခေါင်းပေါ်မှကျော်ကာ ပစ်ခွဲလိုက်သည်။ ထိုအရာဝတ္ထုသည် ပေါက်ကွဲသွား ပြီး ရဲကင်းတစ်ခုလုံး မီးခိုးလုံးများ ဖုံးအုပ်သွားခဲ့သည်။ ခဏတာ အချိန်အတွင်း ဆုံးဖြတ်ချက်တစ်စုံတစ်ရာကို ဦးစိုးညွန့် ခပ်မြန်မြန်ချလိုက်သည်။

သွပ်ပြားအပေါက်မှတစ်ဆင့် ရဲကင်းအပြင်ဘက်သို့ တိုးထွက်လိုက်သည်။ သူ့နောက်သို့ တစ်စုံတစ်ယောက် ပြေးလိုက်လာခဲ့သော်လည်း မည်သူမှန်းသတိမထားမိ။ ရဲကင်းထဲတွင်တော့ သေနတ်သံအချို့ကျန်ရစ်ခဲ့သည်။

အချိန်အနည်းငယ်ကြာတော့ ရဲကင်းဆီ သူတစ်ခေါက် ပြန်သွားတော့ လူလေးယောက်မှာ သွေးအိုင်ထဲလဲနေခဲ့သည်။ လေးယောက်အနက် ရဲတပ်ဖွဲ့ဝင်သုံးယောက်က အသက်ရှင်နေခဲ့သော်လည်း သူ့ကို စကားမပြောလိုသည့် ဆင်ကီချူးတစ်ယောက်ကတော့ မည်သူ့ကိုမှလည်း စကားမပြောနိုင်တော့။

ဒါဆို သူ့နောက်သို့ပြေးလိုက်ခဲ့သူမှာ ကင်မင်ချူးဖြစ်ကြောင်း သေချာသွားပြီဖြစ်သည်။

ဗုံးပေါက်ကွဲသံများကြောင့် ကိုစိုးငြိမ်း၊ သူ၏အဖော်သူငယ်ချင်းနှင့် ရွာသားများရဲကင်းဆီသို့ အပြေးရောက်လာကြသည်။ ဒီလောက်ဆိုလျှင် ထွက်ပြေးသွားသူမှာ မြောက်ကိုရီးယားသူလျှိုဖြစ်မှာ သေချာသလောက်ရှိပြီဖြစ်သည်။

အာဇာနည်ကုန်းဗုံးဖောက်ခွဲခဲ့သည့် ဗိုလ်မှူးအဆင့်ရှိ ဇင်မိုကို အောက်တိုဘာ ၁၀ ရက်ညပိုင်းတွင် ညောင်တန်းဆိပ်ကမ်းအနီး ပုစွန်တောင်ချောင်းအတွင်း ဖမ်းဆီးနိုင်ခဲ့သည်။

ခဏတာအချိန်လေးအတွင်းတွင် သခွတ်ပင်ရွာသည် ဟောလိဝုဒ်စစ်ကားများလိုဖြစ်သွားခဲ့သည်။ ရွာ၏ကောင်းကင်ထက်တွင် ရဟတ်ယာဉ်များ ပျံသန်းနေပြီး တပ်မတော်သားများလည်း ရဟတ်ယာဉ်ပေါ်မှဆင်းသက်လာကြသည်။ ရေတပ်သင်္ဘောများကလည်း ပိတ်ဆို့ကာ ကင်မင်ချူးကို ရှာဖွေနေကြသည်။

ထိုနေ့နှင့် ညဘက်တစ်ညလုံး သူ့ကို တောနင်းရှာဖွေသည့် ရာနှင့်ချီသောလူများအား ကင်မင်ချူးတစ်ယောက် လှည့်စားနိုင်ခဲ့သည်။
သို့သော် နောက်တစ်နေ့ မနက်တွင်တော့ ဒိုက်များအကြား ပုန်းအောင်းနေသောသူ့ကို ရှာဖွေတွေ့ရှိသွားတော့သည်။

“သူ့ကိုတွေ့တော့ အရပ်သားတွေဖယ်ပြီး တပ်ကပဲအရှင်ဖမ်းဖို့ ကြိုးစားတယ်။ အဲဒီမှာ ရဲဘော်လေးတွေ သူ့ဝင်လုံးဖို့ကြိုးစားတုန်း ဗုံးဖောက်လိုက်လို့ သုံးယောက်လောက်သေသွားတယ်” ဟု ဦးစိုးညွန့်ကပြောသည်။

အဆိုပါဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီးနောက် မြန်မာအစိုးရက နိုဝင်ဘာလအတွင်း မြောက်ကိုရီးယားနှင့် သံတမန်အဆက်အသွယ်ဖြတ် တောက်လိုက်သည်။

အရှင်ဖမ်းမိခဲ့သူနှစ်ဦးကို ရုံးတင်စစ်ဆေးချိန်တွင် ကင်မင်ချူးက ၀န်ခံထွက်ဆိုခဲ့သော်လည်း ဇင်မိုက ၀န်ခံခြင်း/ငြင်းဆန်ခြင်း မပြုခဲ့ကြောင်း ထိုစဉ်ကထုတ်ဝေသည့် အစိုးရပိုင်သတင်းစာများက ရေးသားကြသည်။

နောက်ပိုင်းတွင် ကြားသိရသမျှ သတင်းများအနက် ဇင်မိုကို သေဒဏ်ပေးခဲ့ပြီး ကင်မင်ချူးကို ချုပ်နှောင်ထားခဲ့ကြောင်း အင်းစိန် ထောင်တွင် ထိန်းသိမ်းခဲ့ရသူများကပြောသည်။

“ကင်မင်ချူးပုံကတော့ စိတ်ဓာတ်ကျတဲ့ပုံတော့မပေါ်ဘူး။ ဒါပေမဲ့ မိသားစုကိုတွေ့ချင်တဲ့ကိစ္စကိုတော့ ပြောတယ်။ မြန်မာပြည်က လူတွေက သူ့ရန်သူမဟုတ်ဘူး။ သူတို့သေတာ ၀မ်းနည်းတယ်လို့လည်းပြောတယ်။ သူ့ကြောင့် သူ့မိသားစု ဒုက္ခရောက်နိုင်တယ်လို့လည်း ပြောတာကြားဖူးတယ်” ဟု ၁၉၉၀ ပြည့်နှစ်များအတွင်းက သူတွေ့ခဲ့သော ကင်မင်ချူး၏ပုံစံကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကပြောသည်။

လွန်ခဲ့သော နှစ် ၃၀ က ဦးခိုင်မောင်ရည်သည် တက်ကြွလှုပ်ရှားသည့် ကျောင်းသားတစ်ဦးအဖြစ် အင်းစိန်အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံခဲ့ရပြီး သူနေထိုင်ရာအဆောင်မှ ကင်မင်ချူးအား မကြာခဏမြင်တွေ့ရပြီး အထက်ပါသတင်းစကားများကိုလည်း အကျဉ်းထောင်အမှုထမ်းများမှ တစ်ဆင့်ကြားသိရကြောင်း ၄င်းကပြောသည်။

အချိန်ဟူသော ကာလတရား က ရွှေ့ပြောင်းလာခြင်းနှင့်အတူ လွန်ခဲ့သည့်အနှစ် ၃၀ က ဖြစ်ပွားခဲ့သည့် ထိုအရာများကို အတိတ် တွင်ချန်ခဲ့ပြီဖြစ်သည်။

ဒေါသကြီးသော အာဏာရှင်ကြီးဦးနေ၀င်းလည်း မရှိတော့။ ကိုစိုးငြိမ်းလည်း တံငါအလုပ်စွန့်လွှတ်ခဲ့သလို ဦးစိုးညွန့်လည်း ကောင်စီထဲတွင်မပါတော့။

ထို့အတူ တစ်ချိန်က စွန့်စားခဲ့သော ကိုစိုးငြိမ်း၏ လုပ်ရပ်များသည်လည်း ယခုအခါ စာရွက်ပေါ်တွင်သာ မှတ်တမ်းတင်ထားသည် ထက်မပိုခဲ့။

အကြောင်းက “သိမ်းခံရတဲ့ ကျွန်တော့်မိသားစုဆွေမျိုးတွေ လယ်ပြန်ရဖို့ ဟိုတစ်လောကလျှောက်တော့ ကျွန်တော်တို့ တစ်ချိန်က တိုင်းပြည်ကို အလုပ်အကြွေးပြုခဲ့ပါတယ်။ ငဲ့ညှာပါဦးဆိုပြီး ဂုဏ်ပြုစာရွက်နဲ့တွဲတင်တယ်။ ဒါတွေလာမပြောနဲ့။ ဟိုတုန်းကနဲ့ ခုကအကန့်တွေတစ်ကန့်စီလို့ပြောပြီး ပြန်လွှတ်လိုက်တယ်” ဟု ဦးစိုးငြိမ်းက စိတ်မကောင်းစွာဆိုလေသည်။

ဓာတ်ပုံ- Chosun Ilbo သတင်းစာ
Myo Min FB မှ

မြစ်ရေတိုက်စား ကမ်းပြိုမှုများကြောင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း နှစ်စဉ်ပျမ်းမျှ မြေဧကပေါင်း ၁၀၃၇၇ ဧက ဆုံးရှုံးလျက်ရှိ

7.14.13
ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းများ ပြိုဆင်းနေမှုကို တွေ့ရစဉ်
ဧရိယာ စတုရန်းမိုင်ပေါင်း ၁၃၅၆၈ မိုင် ကျယ်ဝန်းသော ဧရာဝတီတိုင်း ဒေသကြီးအတွင်း မြစ်ရေတိုက်စား ကမ်းပြိုမှုများကြောင့် နှစ်စဉ် မြေဧကပေါင်း ၁၀၃၇၇ ဧက ဆုံးရှုံးလျက် ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
မြစ်ကြောင်းများ ရေစီးဆင်းမှု ပုံစံပြောင်းလဲလာခြင်း၊ အစိုးရမှ မြစ်ကမ်းပါး ထိန်းသိမ်းရေး လုပ်ငန်းများ အားနည်းခြင်း၊ သဘာဝ သစ်တောကြီးများ ပြုန်းတီးလာကာ ရာသီဥတု ဖောက်ပြန်လာခြင်း၊ မြစ်ကြောင်းများအတွင်း သဲကျောက် ထုတ်လုပ်သူ အချို့မှ စည်းကမ်းချက်များနှင့်အညီ လိုက်နာမှုများ အားနည်းခြင်းများကြောင့်၊ မြစ်ကမ်းပါး ပြိုကျမှုများကို နှစ်စဉ်ဆက်တိုက် ကြုံတွေ့လာရခြင်း ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် လေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်။

မြစ်ရေတိုက်စားလို့ ကမ်းပြိုတာက အခုနောက်ပိုင်းမှာ ပိုဆိုးလာတယ်၊ အရင်ကလည်း နေလာကြပြီးမှ အခုဘာလို့ မြစ်ကမ်းပါးပြိုမှုတွေ ပိုဆိုးလာလဲဆိုတော့ မြစ်အထက်ပိုင်းမှာရှိတဲ့ သဘာဝသစ်တောကြီးတွေ ပြုန်းတီးလာတာနဲ့ တာဝန်ယူမှု မရှိတဲ့ စီမံကိန်းတွေ ကြောင့်လို့ ဆိုရင်ပိုမှန်မယ်၊ ဒါတွေကြောင့် မြစ်ကြောင်း ပြောင်းလဲလာပြီး ရေစီးကြောင်း ပြောင်းလာတယ်...


မြစ်ရေတိုက်စား ကမ်းပြိုမှုများကြောင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းတွင် ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဆယ်စုနှစ် တစ်ခုတွင် မြေဧကပေါင်း (၁၀၄၃၁၄) ဧက ဆုံးရှုံးလျက်ရှိပြီး၊ ၂၀၀၁-၂၀၀၂ ခုနှစ် တွင်(၉၁၅၀)ဧက၊ ၂၀၀၂-၂၀၀၃ ခုနှစ်တွင် (၃၁၅၅၂)ဧက၊ ၂၀၀၃- ၂၀၀၄ ခုနှစ်တွင် (၂၁၉၈၁)ဧက၊ ၂၀၀၄-၂၀၀၅ ခုနှစ်တွင် (၁၀၉၆၀)ဧက၊ ၂၀၀၅-၂၀၀၆ ခုနှစ်တွင် (၆၇ ၄၆)ဧက၊ ၂၀၀၆-၂၀၀၇ ခုနှစ်တွင် (၇၂၇၅)ဧက၊ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် ကမ်းပြိုကျမှုများ မရှိသလောက် နည်းပါးခဲ့ကာ ၂၀၀၈-၂၀၀၉ ခုနှစ်တွင်(၂၀၇၅)ဧက၊ ၂၀၀၉-၂၀၁၀ ခုနှစ်တွင် (၄၃၅၄)ဧက၊ ၂၀၁၀- ၂၀၁၁ ခုနှစ်တွင် (၁၀၂၂၁)ဧက ပြိုကျဆုံးရှုံး ခဲ့ရပြီး နှစ်စဉ်ပျမ်းမျှ မြေဧကပေါင်း ၁၀၃၇၇ ဧက ဆုံးရှုံးပျက်စီး လျက်ရှိကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။
''မြစ်ရေတိုက်စားလို့ ကမ်းပြိုတာက အခုနောက်ပိုင်းမှာ ပိုဆိုးလာတယ်၊ အရင်ကလည်း နေလာကြပြီးမှ အခုဘာလို့ မြစ်ကမ်းပါးပြိုမှုတွေ ပိုဆိုးလာလဲဆိုတော့ မြစ်အထက်ပိုင်းမှာရှိတဲ့ သဘာဝသစ်တောကြီးတွေ ပြုန်းတီးလာတာနဲ့ တာဝန်ယူမှု မရှိတဲ့ စီမံကိန်းတွေ ကြောင့်လို့ ဆိုရင်ပိုမှန်မယ်၊ ဒါတွေကြောင့် မြစ်ကြောင်း ပြောင်းလဲလာပြီး ရေစီးကြောင်း ပြောင်းလာတယ်၊ အစိုးရကလည်း မြစ်ကမ်းပါး ထိန်းသိမ်းမှုကို စနစ်တကျ တာဝန်ယူ ဆောင်ရွက်မပေးဘူး၊ ဒါကြောင့် ပိုပိုဆိုးလာတာ'' ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် တစ်ဦးက သုံးသပ် ပြောကြားသည်။
7.14.14
မြစ်ရေတိုက်စားမှုကြောင့် လယ်ယာမြေ ဆုံးရှုံးရသည့် ကျုံမငေးမြို့ လေးအိမ်တန်းကျေးရွာကို တွေ့ရစဉ်
လက်ရှိအချိန်တွင် အချို့နေရာများ၌ တာဝန်ရှိသူများ အနေဖြင့် ရေကာများ ပြုလုပ်ပေးလျက် ရှိသော်လည်း မိုးရာသီကာလ ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုများအပေါ် ထိရောက်သည့် ဖြေရှင်းနိုင်မှု မရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယင်းကဲ့သို့ ကမ်းပါးပြိုမှုနဲ့ နေအိမ်ပြောင်းရွေ့ ရမှုကြောင့် အခက်အခဲ ဖြစ်နေသည့် တောင်သူအချို့မှာ အခြားမြို့များသို့ တက်ရောက်၍ ရွှေ့ပြောင်း အလုပ်သမားများ အဖြစ် ပြောင်းရွှေ့ကာ စားဝတ်နေရေးအတွက် ရပ်တည် နေရကြောင်းလည်း သိရှိရသည်။
မြစ်ရေတိုက်စားမှု များကြောင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းတွင် နှစ်စဉ်စိုက်ပျိုးမြေများ၊ လူနေကျေးရွာနှင့် မြို့များ ရှေးဟောင်း သမိုင်းဝင် ဘုရားစေတီများ ပျက်စီး ဆုံးရှုံးလျက်ရှိသည်။

သက္ကယ်ချောင်းတံတား တစ်ပတ်မပြည့်မီ ချဉ်းကပ်လမ်းများ ကွဲအက်ကာ မြေသားနိမ့်ကျ

7.14.15 သက္ကယ်ချောင်း မြစ်ကူးတံတားအား တွေ့ရစဉ်
ပုသိမ်မြို့နှင့် ငပုတောမြို့သို့ ဆက်သွယ်ထားသည့် သက္ကယ်ချောင်း မြစ်ကူးတံတားအား လွန်ခဲ့သည့် ဇူလိုင် ၇ ရက်က အများပြည်သူများ သွားလာနိုင်ရန် ဖွင့်လှစ်ပေးခဲ့ပြီးနောက် ရက်သတ္တပတ် မပြည့်မီတွင် တံတား၏ ချဉ်းကပ်လမ်း လမ်းလယ်မှနေ၍ ကွဲအက်မှုများ စတင်ဖြစ်ပေါ်လာပြီး လမ်းတစ်ခြမ်း နိမ့်ကျမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားကြီးအား လွန်ခဲ့သည့် နှစ်နှစ်ကျော်ကြာ ကာလက တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး တံတား အရှည်ပေ ၁၈၈၀ ရှိ၍၊ ချဉ်းကပ်လမ်း အရှည်မှာ တစ်ဖက်လျှင် ပေ ပေါင်း ၄၆၃၀ ပေစီ ရှိကြောင်း သိရသည်။ ယခုမြေသား အိကျခဲ့သည့် နေရာမှာ ငပုတောမြို့ ဘက်ခြမ်းရှိ ချဉ်းကပ်လမ်းဖြစ်ပြီး ယင်းနိမ့်ကျသည့် နေရာများတွင် ယာဉ်များ ဖြတ်သန်း မသွားရန်အတွက် ဆိုင်းဘုတ်များချ၍ တားမြစ်မှုများ ဆောင်ရွက်ထားသည်။
ပုသိမ်မြို့မှ သက္ကယ်ချောင်း တံတားအထိ အရှည်မိုင် ၁၂ မိုင် ရှိပြီး၊ ငပုတောမြို့ အထိဆိုလျှင် ၂၁ မိုင် ၆ ဖာလုံခန့် ရှိသည်။ ယခင်က ရေလမ်းခရီးဖြင့် ပုသိမ်မြို့မှ ငပုတောမြို့သို့ ၃ နာရီကျော်မျှ သွားလာရသော်လည်း သက္ကယ်ချောင်း မြစ်ကူးတံတား ပြီးစီးသွားချိန်၌ နာရီပိုင်းအတွင်း ပုသိမ်မြို့မှ ငပုတောမြို့သို့ သွားလာနိုင်သည်။
အဆိုပါ တံတားဖွင့်ပွဲသို့ ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်တို့ တက်ရောက်ကာ ဖွင့်လှစ်ပေးခဲ့ပြီး၊ ဖွင့်ပွဲအခမ်းအနားတွင် ယင်းတံတား၏ ထူးခြားချက် အနေဖြင့် တံတားတွင် အသုံးပြုရန်အတွက် သံမဏိ သံဘောင်များကို ပြည်ပမှပင် မှာယူတင်သွင်းကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်ထောင်စု ၀န်ကြီးမှ ပြောကြားခဲ့သည်။
သို့သော်လည်း တံတားဖွင့်လှစ်ပြီး ရက်သတ္တပတ် မပြည့်မီ ကာလတွင် ယခုကဲ့သို့ ချဉ်းကပ်လမ်းများ ကွဲအက် နိမ့်ကျရခြင်းမှာ အောက်ခံမြေသားများ ကြံ့ခိုင်မှု အားနည်းခြင်းကြောင့် ဖြစ်ဖွယ်ရှိကြောင်း ဒေသခံများမှ သုံးသပ်ကာ ပြောဆိုလျက် ရှိကြောင်း သိရှိရသည်။

Ref: Eleven Media

Saturday, July 13, 2013

Huawei U8825D အတွက် Version 4.1.1 Jelly Beam

ကျွန်တော်တို့စောင့်နေတဲ့ Huawei U8825D အတွက် 4.1.1 ရပါပြီဗျာ

မြန်မာဖောင့် ကီးဘုတ် ပါပြီးသားပါ..


( 1 ) https://www.box.com/s/6ckig6ap8567pd54b8ib

( 2) https://www.box.com/s/8ex5o1df426ccyaw706m

( 3) https://www.box.com/s/4zmbcew7mti8cth24nzx

(4) https://www.box.com/s/h9xlcstj3plf86of0l3d

( 5 ) https://www.box.com/s/gtne4quse1l6fhfqy9s2

( 6 ) https://www.box.com/s/o193422uxepkjfk4whow

ဒါလေးကတော့ပြန်ပေါင်းဖို့ဟာလေးပါhttps://www.dropbox.com/s/b7fytc2z24cpgur/hjsplit.rar?m အဲဒိမှာမရရင်ဒီမှာဒေါင်းလိုက်နော် https://www.box.com/s/ccei3sqe15ggz8tm5nt8
zip ဖိုင် ကို CWM က နေ INstall လုပ်ရမှာပါ

Factory Reset အရင်ချပါ..Wipe Data Cache လုပ်ပါ

firmware ပြန်တက်ဖို 5 မိနစ်လောက်ကြာနိုင်ပါတယ်

ကဲ U8825D user တို JB နဲ့ လန်းလို့ရပါပြီ..

Credit : MMUG
  ---------------------------------------------
   Custom firmware ပါ..မြန်မာဖောင့်ပါပြီးသားပါ..ဒါပေမယ့် ဒီ firmware တင်ဖို့ Unlockbootloader လုပ်ပြီး.. CWM သွင်းပြီးမှ တင်လို့ရမှာပါ...

Huawei Official Firmware များ ဒေါင်းကြမယ်

ယနေ့လူသုံးများနေတဲ့ Huawei Phone တွေရဲ့ Official Firmware တွေကို ဒီ Link ကနေ တိုက်ရိုက် ဒေါင်းယူနိုင်ပါတယ်။

Dragon Warcraft v1.09 Apk Game (21 MB)

နဂါးကို နိုမ်နင်းရတဲ့ဂိမ်းလေးပါ Unlimited Gold ဆိုတော့  လက်နက်တွေ စိတ်ကြိုက်ဝယ်ရပါတယ်
သူငယ်ချင်းတို့ အကြိုက်တွေ့မှာပါ ကစားမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Dwonlaod>>>>mirrorcreator (or)zippyshare (or)solidfiles


တစ်ကမ္ဘာလုံးသို့ ဖြန့်ချိနေသည့် HTC One စမတ်ဖုန်းပေါ်တွင် Eleven Media Group သတင်းများ ဖတ်ရှုနိုင်ပြီ


htc-july14
HTC ဖုန်းမှ တစ်ကမ္ဘာလုံးသို့ ဖြန့်ချိနေသည့် နောက်ဆုံးပေါ် စမတ်ဖုန်းဖြစ်သည့် HTC One ပေါ်တွင် Eleven Media Group ၏သတင်းများအား ဖတ်ရှုနိုင်ပြီဖြစ်ကြောင်း HTC ၏ မြန်မာပြည်အတွက် တရားဝင် ကိုယ်စားလှယ်ဖြစ်သော KMD မှ သိရသည်။
HTC ၏ နောက်ဆုံးပေါ် စမတ်ဖုန်းဖြစ်သည့် HTC One ၌ နည်းပညာအသစ်အနေဖြင့် ပါဝင်သည့် Blink Feed အတွင်းရှိ သတင်းကဏ္ဍတွင် ပြည်တွင်းသတင်း မီဒီယာတစ်ခုဖြစ်သည့် Eleven Media Group နှင့် သဘောတူညီချက် ရယူကာ ၎င်းတို့၏ သတင်းများအား ပထမဦးဆုံး အနေဖြင့် ထည့်သွင်းဖော်ပြ သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ထည့်သွင်း ဖော်ပြရာတွင် ပြည်တွင်း၌ ရောင်းချပေးမည့် HTC One ဖုန်းများတွင်သာမက တစ်ကမ္ဘာလုံး၌ ရောင်းချပေးနေသည့် ဖုန်းများတွင်ပါ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဖတ်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခင်ထွက်ရှိပြီးသား HTC စမတ်ဖုန်းများအတွက်မူ လာမည့်တစ်လအတွင်း Software Update ထွက်ရှိလာသည့် အခါတွင် HTC ၏ စမတ်ဖုန်းများ အားလုံးပေါ်၌ Eleven Media Group ၏သတင်းများအား ဖတ်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ HTC Blink Feed နည်းပညာသစ်တွင် စိတ်ကြိုက်ရွေးချယ်ထားသည့် အကြောင်းအရာ အမျိုးမျိုးမှ သတင်းအချက်အလက်များဖြင့် အသက်ဝင်နေသည့် ကိုယ်ပိုင် Home Screen တစ်ခု ပြုလုပ်နိုင်ပြီး ၎င်းတွင် လူမှုကွန်ရက်များ၊ သတင်းများ၊ ဘ၀နေထိုင်မှုပုံစံ၊ ရုပ်သံလိုင်းများ၊ Application များ တစ်ပါတည်း ပါဝင်သည့် နည်းပညာသစ် တစ်ခုဖြစ်ကာ Mobile Data သို့မဟုတ် WiFi တို့မှတစ်ဆင့် အလိုအလျောက် Update ပြုလုပ်ပေးနိုင်ကြောင်း သိရသည်။

ထွန်းကားသာသနာ မြို့ရွှေတာ

လပွတ္တာမြို့ရဲ့ သာသနာထွန်းကားမှုအကြောင်း၊နှစ်စဥိမပျက် ဆောင်ရွက်ခဲ့ကြသော ၀ါတွင်းကာလ နေ့စဉ်အာရုံဆွမ်းလောင်းလှုပွဲများ စတင်လာပုံသမိုင်းကြောင်းများကို လပွတ္တာမြို့သား စာရေးဆရာမောင်မောင်ဖြေ တင်ပြထားတဲ့“ ထွန်းကားသာသနာ မြို့ရွှေတာ” စာအုပ်ကို ဒီလင့်မှာရရှိနိုင်ပါတယ်ခင်ဗျာ။ ဖတ်ရှုလေ့လာနိုင်ပါကြောင်း။
စာအုပ်ရယူရန်