Tuesday, August 6, 2013

တယ်လီနောက ဆက်သွယ်ရေး ကွန်ရက်အတွက် Huawei ကို ရွေးချယ်

ရန်ကုန်၊ သြဂုတ် ၅

ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ရန် တင်ဒါ အောင်မြင် ထားသော နော်ဝေ ကုမ္ပဏီ တယ်လီနောက မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရန် တရုတ် အခြေစိုက် Huawei ကုမ္ပဏီကို ရွေးချယ်ခဲ့ကြောင်း ဆက်သွယ်ရေး ကုမ္ပဏီများထံမှ စုံစမ်း သိရှိရသည်။

တယ်လီနောက နိုင်ငံတကာ အတွေ့အကြုံရှိပြီး Huawei က မြန်မာနိုင်ငံ ဈေးကွက်နှင့် ရေမြေ အနေအထားကို ကျွမ်းကျင်သည့် အတွက် ရှယ်ယာ ဝေစု အများဆုံးဖြင့် အဓိက လုပ်ကိုင်ခွင့် ရရှိခြင်း ဖြစ်ကြောင်း ယင်းကုမ္ပဏီများထံမှ သိရသည်။

အဆိုပါ ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရေး လုပ်ငန်းအတွက် Huawei က အမေရိကန် ဒေါ်လာ တစ် ဘီလီယံ ရင်းနှီးမြှုပ်နှံရမည် ဖြစ်ပြီး ကနဦး အသုံးစရိတ် ရင်းနှီးမြှုပ်နှံမှု ကာလ ငါးနှစ်နှင့် လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု ကာလ ရှစ်နှစ် ဆောင်ရွက်ပေးရမည်ဖြစ်သည်။

Huawei က ဆက်သွယ်ရေး တာဝါတိုင်များကို ရန်ကုန်မြို့ အပါအဝင် အချက်အချာကျသော နေရာ များတွင် တည်ဆောက်ခြင်း၊ ကြိုးမဲ့ (Wireless) စက်ပစ္စည်းများ တပ်ဆင်ခြင်းနှင့် ဆက်သွယ်ရေး လုပ်ငန်းသုံး စက်ပစ္စည်းများ ပေးသွင်းခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း လုပ်ငန်း သဘောတူ အချက်အလက်များအရ သိရသည်။

Huawei က အခြား ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သော အော်ရီဒူးနှင့် လည်း ဆက်သွယ်ရေး ပစ္စည်း လက်လီ ရောင်းချသည့် လုပ်ငန်း ချိတ်ဆက် လုပ်ကိုင်ခွင့် ရရှိရန် ပြင်ဆင်နေသည်။

Huawei ကုမ္ပဏီသည် တစ်ကမ္ဘာလုံးရှိ ထိပ်တန်း အော်ပရေတာ ၅၀ တွင် ၄၅ ခုနှင့် ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရေး လုပ်ငန်းသုံး ပစ္စည်း များ ပေးသွင်းခြင်းလုပ်ငန်း ချိတ်ဆက် လုပ်ကိုင်နေပြီး ယင်းကုမ္ပဏီများ တွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းထံ၌ ဆက်သွယ်ရေး တင်ဒါ လိုင်စင် အတွက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ကုမ္ပဏီ ၁၁ ခုလုံး ပါဝင်သည်။

တယ်လီနော ကုမ္ပဏီသည် ၂၀၀၆ ခုနှစ်မှ စတင်၍ Huawei နှင့် ပူးပေါင်း လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး Huawei သည် လက်ရှိ တယ်လီနော၏ အဓိက ဆက်သွယ်ရေးပစ္စည်း ထောက်ပံ့သူ ဖြစ်သည်။

တယ်လီနောနှင့် Huawei မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ကဏ္ဍ လုပ်ကိုင် ရန် ပူးပေါင်းခြင်းနှင့် ပတ်သက်၍ တယ်လီနော မြန်မာ ကုမ္ပဏီထံ ဆက်သွယ် မေးမြန်းထားသော်လည်း သြဂုတ်လ ၅ ရက်နေ့ ညနေပိုင်းအထိ အကြောင်းပြန်ခြင်း မရှိသေးပေ။

Huawei ကမူ ယင်းသတင်းများကို ငြင်းဆိုခြင်း မပြုပေ။

0 comments:

Post a Comment