Wednesday, May 22, 2013

ဖုန်းလိုင်းကြပ်ရင်ဖြေရှင်းပေမယ်တဲ့!

တန်ဖိုးနည်းဖုန်းများ ရောင်းချပြီးနောက် ဖုန်းလိုင်းကျပ်တောက်မှု အချို့ ဖြစ်ပေါ်နေရာ ထိုသို့ ဖုန်းလိုင်း အဆင်မပြေမှုများ ရှိပါက မိမိကိုင်ဆောင်သည့် ဖုန်းနံပါတ်အလိုက် သက်ဆိုင်ရာ ဆက်သွယ်ရေး အိတ်ချိန်းရုံးများကို မေးမြန်း၍ ဖြေရှင်းပေးကြောင်း သတင်းရရှိသည်။ လတ်တလောတွင် ယခင်ရောင်းချပေးခဲ့သည့် ကျပ်နှစ်သိန်းဖုန်းများ သာမက ကျပ် ၁၅ သိန်းတန် ဖုန်းများဖြစ်သည့် ၀၉၅၀ နှင့် ၀၉၅၁ ဖုန်းများ၌ပါ လိုင်းပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း ၎င်းဖုန်း ကိုင်ဆောင်သူများက ပြောသည်။ ထို့အပြင် နှစ်သိန်းတန် GSM နှင့် နှစ်သိန်းခွဲတန် WCDMA မိုဘိုင်းဖုန်းအချို့၌ ဖုန်းလိုင်းမမိခြင်းကြောင့် အင်တာနက် တပ်ဆင်ထားသူများ သုံးစွဲ၍ မရမှုများ ရှိနေသည်။ “တစ်ခါတလေဆို No Service ဆိုပြီးတောင် ဖြစ်သွားတာ။ နံနက်ပိုင်း စောစောတောင် ဖြစ်တယ်။ အခုဆို တစ်ပတ်လောက် ရှိနေပြီ။ ဘယ်လိုလုပ်လို့ လုပ်ရမှန်းတောင် မသိဘူး။ အင်တာနက်လည်း လုံးဝသုံးလို့မရဘူး” ဟု WCDMA ဖုန်းသုံးစွဲသည့် အင်းစိန်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ ထိုသို့ ဖုန်းလိုင်း ပြတ်တောက်မှုများ ရှိပါက မိမိဖုန်းနံပါတ် အလိုက် သက်ဆိုင်သည့် ဆက်သွယ်ရေး အိတ်ချိန်းရုံးများသို့ ဖုန်းဆက်၍ ဖြေရှင်းနိုင်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ရတနာပုံကောလ်စင်တာမှ သိရှိရသည်။ “ကိုယ်သုံးတဲ့ဖုန်းက လိုင်းမမိတာ၊ အဆင်မပြေတာမျိုးရှိရင် ဖုန်းနံပါတ်ပေးရင် ကြည့်ပေးလို့ရတယ်။ ဘာလို့ဖြစ်တာလဲ ဆိုတာကို” ဟု ဆက်သွယ်ရေး အိတ်ချိန်းရုံးတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သုံးစွဲသည့် ဟန်ဆက်များကြောင့်လည်း လိုင်းပြတ်တောက်မှုများ၊ ဖုန်းလိုင်းမမိခြင်းများ ရှိတတ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ထိုသို့ ဖုန်းလိုင်း အဆင်မပြေမှုများ ရှိပါက ၀၉၅၀ ဖုန်းများအတွက် ၀၁-၅၀၅၁၄၇၊ ၀၉၅၁ နှင့် ၀၉၄၂ ဖုန်းများအတွက် ၀၁-၂၁၅၈၂၂၊ ၀၉၄၁ ဖုန်းများအတွက် ၀၁-၄၂၁၅၅၈၊ ၀၉၄၅ WCDMA ဖုန်းများအတွက် ၀၁-၅၃၂၂၅၇၊ ၀၁၅၃၇၂၀၁၊ ၀၉၇၃ ဖုန်းများအတွက် ၀၉-၇၃၀၀၀၀၀၀ နှင့် ၀၉-၇၃၁၁၁၁၁၁ အစရှိသည့် ဆက်သွယ်ရေး အိတ်ချိန်းရုံးများကို ဆက်သွယ်မေးမြန်းနိုင်ပြီး ဧပြီလအတွင်းက စတင်ရောင်းချခဲ့သည့် ကျပ် ၁၅၀၀ တန် CDMA 800 MHz ဖုန်းများအတွက် ၀၁-၆၅၆၉၉၄-၆ တွင် စုံစမ်းနိုင်ကြောင်း ရတနာပုံကောလ်စင်တာမှ သတင်းရရှိသည်ဟု ၂၀၁၃ ခုနှစ် မေလ ၂၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment