Monday, July 8, 2013

မြန်မာ့ လျှပ်စစ်ကဏ္ဍ တိုရှီဘာ ကူညီမည်

ရန်ကုန်၊ ဇူလိုင် ၇

မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ဖြန့်ချိမှု လုပ်ငန်းများကို ဂျပန်နိုင်ငံမှ တိုရှီဘာ ကုမ္ပဏီက အကူအညီပေးမည်ဟု တိုရှီဘာ ရန်ကုန်ရုံးမှ ကိုယ်စားလှယ် အရာရှိချုပ် တက်ဆိုရာယိုနေဒါက ပြောကြားသည်။

“မြန်မာ့စီးပွားရေး ဖွံ့ဖြိုးရေးမှာ အဓိက အရေးပါတဲ့ စွမ်းအင်ထုတ်ယူမှုနဲ့ ဖြန့်ချိမှု အပိုင်းကို ပံ့ပိုးကူညီမှုတွေ လုပ်ပါမယ်” ဟု ၎င်းက ဆိုသည်။

ဂျပန်နိုင်ငံ အခြေစိုက် တိုရှီဘာ ကုမ္ပဏီသည် ၁၉၈၅ ခုနှစ်က ဆည်တော်ကြီး ရေအား လျှပ်စစ် စီမံကိန်းအတွက် လျှပ်စစ်စက်ရုံ အဆောက်အအုံတွင် စက်ပစ္စည်း ကိရိယာနှင့် နည်းပညာများ ကူညီပေးခဲ့ ဖူးသည်။

မြန်မာနိုင်ငံ၏ လက်ရှိ လျှပ်စစ်ဓာတ်အား ရရှိမှု ပမာဏမှာ လူတစ်ဦးချင်း ပျမ်းမျှ ရရှိသင့်သော လျှပ်စစ်ဓာတ်အား ပမာဏ၏၂၅ ရာခိုင်နှုန်းသာ ရှိသောကြောင့် ထပ်မံ တိုးချဲ့ရန် လိုအပ်သည်ဟု တက်ဆိုရာယိုနေဒါ က ပြောဆိုသည်။

“အဆောက်အအုံပိုင်းတွေမှာ ပိုမို ပါဝင် ပံ့ပိုးဖို့လည်း ရည်ရွယ်ထားတယ်” ဟု ၎င်းက ဆိုသည်။

စီမံကိန်းနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကိုမူ မသိရှိရသေးပေ။

“လျှပ်စစ်ကတော့ ဘယ်လောက်ထုတ်ထုတ် လောက်မှ မလောက်တာ။ လျှပ်စစ်ဓာတ်အား လုံလောက်အောင် မပေးနိုင်ရင် စီးပွားရေး ဖွံ့ဖြိုးဖို့ဆိုတာ အဝေးကြီးမှာပဲ။ စဉ်းစားစရာ မလိုဘူး” ဟု ရွှေပေါက်ကံ စက်မှုဇုန် အထည်ချုပ်စက်ရုံ တစ်ခုမှ မန်နေဂျာ ဒေါ်သီတာက ဆိုသည်။

ဂျပန် တိုရှီဘာ ကုမ္ပဏီ ရန်ကုန်တွင် တရားဝင် ရုံးဖွင့်လှစ်ခွင့်ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက မတ်လတွင် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

တိုရှီဘာ ကုမ္ပဏီသည် ပြည်တွင်း၌ စွမ်းအင် ထုတ်လုပ်ဖြန့်ချိရေး ကဏ္ဍ၊ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေး ကဏ္ဍများအပြင် ပြည်တွင်း အခြားကဏ္ဍ များတွင်လည်း တိုက်ရိုက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

လက်ရှိ ပြည်တွင်း၌ သုံးစွဲနေသော တိုရှီဘာ ထုတ်ကုန်များကို ဈေးကွက် ချဲ့ထွင်ရန်နှင့် ဈေးကွက်သစ် ရှာဖွေရန်လည်း ရန်ကုန်ရုံးကပင် ဆောင်ရွက် မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွာရေး ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း ကူညီ ပံ့ပိုးမည်ဖြစ်ကြောင်း တိုရှီဘာက ကြေညာသည်။

တိုရှီဘာ ကုမ္ပဏီသည် အကြီးစား စက်မှုလုပ်ငန်းများ၊ စွမ်းအင် ထုတ်လုပ် ဖြန့်ချိရေးလုပ်ငန်းများ၊ အီလက်ထရွန်နစ် ထုတ်ကုန်များ၊ ICT နည်းပညာ ထုတ်ကုန်များ၊ ကျန်းမာရေးဆိုင်ရာ ကုန်ပစ္စည်းများ နှင့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ထုတ်ကုန်များ ထုတ်လုပ် ဖြန့်ချိနေသည်။
 Ref:  The Voice Weekly

0 comments:

Post a Comment