Tuesday, July 16, 2013

GSM နှင့် WCDMA မိုဘိုင်းလ်ဖုန်း ကျပ်၁၅၀၀ ဖြင့် ဇူလိုင်လအတွင်း စရောင်းမည်

ရန်ကုန်၊ ဇူလိုင် ၁၅

CDMA ဖုန်းများကိုသာ သုံးလဆက်တိုက် ရောင်းချပေးခဲ့သော မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက GSM နှင့် WCDMA ဖုန်းများကို ကျပ် ၁၅၀၀ဖြင့် ဇူလိုင်လအတွင်း စတင် ရောင်းချပေးမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ခံ အင်ဂျင်နီယာ တစ်ဦးက ပြောကြား သည်။

ဧပြီလမှ စတင်၍ CDMA 800MHz ဖုန်းများကိုသာ ငွေကျပ် ၁၅၀၀ ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ လစဉ် လိုင်းကတ် သုံးသိန်း ငါးသောင်းကို ခွဲဝေ ရောင်းချနေရာက ယခုလမှ စတင်ကာ GSM နှင့် WCDMA လိုင်းကတ်များကိုပါ ရောနှော ချထားပေးမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

စတင်ရောင်းချမည့် နေ့ရက် အတိအကျကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တရားဝင် မကြေညာ သေးသော်လည်း ဇူလိုင်လ ၂၅ ရက်နေ့ တွင် လိုင်းကတ်များ စတင် ခွဲဝေပေးဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။

“CDMA က အလုံးရေ တစ်သိန်း၊ GSM နဲ့ WCDMA နှစ်သိန်းခွဲ ရောင်းမယ် လို့ ပြောတယ်။ ဘယ်လို ခွဲပေးမယ် ဆိုတာတော့ မသိရသေးဘူး” ဟု ၎င်းက ရှင်းပြသည်။

မိုဘိုင်းလ်စနစ် သုံးမျိုးကို ခွဲဝေ ရောင်းချရာတွင် နေရာဒေသအလိုက် လိုင်း တပ်ဆင်အားပေါ် မူတည်ကာ ခွဲဝေ ရောင်းချဖွယ်ရှိပြီး မိုဘိုင်းလ် ဟန်းဆက် ဈေးကွက်အပေါ် ကြီးကြီးမားမား သက်ရောက်မှု မရှိနိုင်ကြောင်း မန္တလေးမြို့တော်ရှိ ဖုန်းအရောင်းဆိုင် တာဝန်ခံ တစ်ဦးက ပြောကြား သည်။

GSM ဖုန်းများကို ယခုလ ၂၇ ရက်နေ့တွင် ရောင်းချပေးမည်ဟု သတင်းများ ထွက်ပေါ်နေပြီး အမှန်တကယ် ရောင်းချပါက GSM ဖုန်းကိုသာ ပြောင်းလဲ အသုံးပြုမည်ဖြစ်ကြောင်း CDMA ဖုန်း ကိုင်ဆောင်ထားသည့် မကွေး ဆေးတက္ကသိုလ် ကျောင်းသား တစ်ဦးက ပြောကြားသည်။

ဇန်နဝါရီလမှ စတင်ကာ ရောင်းချမှု ရပ်ဆိုင်းထားသည့် GSM/WCDMA ဖုန်းများကို လိုင်းအင်အား တိုးချဲ့မှုများ ဆက်လက် လုပ်ဆောင်နေပြီး အလုံအလောက် တပ်ဆင်ပြီးပါက စတင် ရောင်းချမည်ဖြစ် ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ကြေညာထားသည်။

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC က တပ်ဆင်သည့် CDMA ဖုန်းများကို လိုင်းကတ် တစ်သန်း အထိ ရောင်းချပြီးနောက် GSM/WCDMA ဖုန်းများ စတင် ရောင်းချပေးမည်ဟု ကနဦး သတင်းများ ထွက်ပေါ်ခဲ့ပြီး CDMA ဖုန်းများ ရောင်းချမှုမှာ ဇွန်လတွင် လိုင်းကတ် တစ်သန်း ကျော်လွန်ခဲ့သည်။

GSM/WCDMA ဖုန်းများ ရောင်းချမည့် အသေးစိတ် အချက်လက် ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြန်ကြားရေး တာဝန်ခံသို့ ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။
Ref; The Voice Weekly

0 comments:

Post a Comment