Saturday, July 13, 2013

CDMA ခေတ်ကုန်ပြီလား

ကိုကျော်ကျော်တစ်ယောက် လက်ထဲကဖုန်းကို တစ်ချက် ကြည့်လိုက်သည်။ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်တစ်ခုတွင် သူရောက်နေခြင်း ဖြစ်ပြီး ဆိုင်ဝန်ထမ်း အမျိုးသမီးများ ရှင်းပြသည်ကို နားထောင်ရင်း စိတ်ညစ်သွားသည်။
“၁၅၀၀ တန် CDMA ဖုန်းတွေက Handset သိပ်များများ ရွေးစရာမရှိဘူး။ ဒါတောင် ကျွန်တော်တို့က CDMA 800 MHz မို့လို့။ ၄၅၀ ကိုင်တဲ့သူတွေဆိုရင် Smart Phone တောင် ကိုင်လို့မရဘူး” ဟု သူကဆိုသည်။
လူငယ်တစ်ယောက်မို့ ဖုန်းကောင်းကောင်း သုံးချင်သော်လည်း ကျပ် ၁၅၀၀ တန် မိုဘိုင်းလ်ဖုန်းများသည် CDMA ဖုန်းများ ဖြစ်နေသည့်အတွက် နာမည်ကျော် အမှတ်တံဆိပ် မိုဘိုင်းလ်ဖုန်းများကို သုံးစွဲခွင့်မရ ဖြစ်နေသည်။
MEC Tel မှ ရောင်းချထားသည့် ယင်း ၁၅၀၀ တန် ဖုန်းများသာမက မြန်မာ့ဆက်သွယ်ရေးက ငှားရမ်းသုံးစွဲခွင့် ပြုထားသည်ဆိုသော CDMA 800 MHz နှင့် CDMA 450 MHz ဖုန်းများလည်း ယင်း ကဲ့သို့ပင် ဖုန်းအမြင့်များ သုံးမရကြောင်း Star Mobile မိုဘိုင်းလ် ဖုန်းဆိုင်ပိုင်ရှင် ဦးဇော်မင်းက ဆိုသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် MEC Tel တို့ပူးပေါင်း၍ ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းဆင်းမ်ကတ်များကို ယခုနှစ် ဧပြီလမှ စတင်၍ တစ်လလျှင် ဖုန်း အလုံးရေ သုံးသိန်းခွဲခန့် လစဉ်ရောင်းချ ပေးခဲ့သည်။
အဆိုပါ ဖုန်းများကို ချထားရန် အဘယ်ကြောင့် ဆုံးဖြတ်ခဲ့သည်ကို နားမလည်နိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ဆိုသည်။
“တကယ်ဆို ပြည်ပကုမ္ပဏီတွေကိုလည်း တင်ဒါခေါ်ထားတယ်။ လိုင်းတွေကလည်း ကျပ်နေတယ်။ အဲဒီအနေအထားမှာ ခဏရပ်ထားလို့လည်း ဘာမှဖြစ်မယ်မထင်ဘူး။ အခု ၁၅၀၀ နဲ့ ရောင်းတယ် ဆိုပေမယ့်လည်း ဈေးနှုန်းတွေက မတန်တဆဖြစ် နေတာပဲလေ” ဟု ၎င်းကဆိုသည်။
ပြည်တွင်းဈေးကွက် အတွင်းတွင် CDMA ဖုန်းများသည် တရုတ်နိုင်ငံထုတ် ဖုန်းအမျိုးအစားများသာ များပြီး နာမည်ကျော် Brand များမှ CDMA ဖုန်းများ သိပ်မထုတ်ကြပေ။ ခေတ်ကာလ ပြောင်းလဲလာ သည်နှင့်အမျှ GSM နည်းပညာက တစ်ရှိန်ထိုး တိုးတက်လာပြီး CDMA နည်းပညာက နောက်တွင် ကျန်ရစ်ခဲ့သည်။
“လူတွေက CDMA တွေ၊ GSM တွေသိပ်နားမလည်ဘူး။ လိုင်းကောင်းကောင်းနဲ့ အဆင်ပြေပြေ ပြောနိုင်ဖို့ကိုပဲ စဉ်းစားတာ။ ဒါပေမဲ့ ရေရှည်မှာ CDMA က ခေတ်ရှိတော့မှာ မဟုတ်ဘူး” ဟု အဆိုပါ အရာရှိက မှတ်ချက်ပေးသည်။
ကမ္ဘာပေါ်ရှိ မိုဘိုင်းလ် ဆက်သွယ်ရေး စနစ်များတွင် CDMA နည်းပညာအသုံးပြုသည့် နိုင်ငံများ နည်းပါးလာနေပြီး ကမ္ဘာ့အကြီးဆုံး CDMA အော်ပရေတာဖြစ်သည့် Verizon က ၂၀၁၀ ပြည့်နှစ်တွင် CDMA ကွန်ရက်ကို စွန့်လွှတ်မည်ဟု ကြေညာခဲ့ပြီး WCDMA နည်းပညာဘက်သို့ ရွှေ့ပြောင်း သွားခဲ့သည်။ ထို့အပြင် စပိန်အခြေစိုက် ဆက်သွယ်ရေး အော်ပရေတာ Telefonica က CDMA ကွန်ရက်အားလုံးကို GSM နှင့် WCDMA သို့ပြောင်းလဲခဲ့ပြီး ကိုရီးယားနိုင်ငံ၏ အကြီးဆုံး CDMA ဆက်သွယ်ရေး အော်ပရေတာ SKT နှင့် ဂျပန်နိုင်ငံ၏ အကြီးဆုံး CDMA အော်ပရေတာ KDDI တို့ကလည်း CDMA ဝန်ဆောင်မှုကို ရပ်တန့်ရန် WCDMA လိုင်စင် ရယူခဲ့ကြသည်။
“သေချာတာကတော့ CDMA ဖုန်းတွေက နိုင်ငံခြားသယ်သွားလို့ မရဘူး” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစားအရာရှိ ဦးသန်းဦးက မှတ်ချက်ပေးသည်။
Code division multiple access (CDMA) နည်းပညာကို ရုရှားနိုင်ငံတွင် ၁၉၃၅ ခုနှစ်က စတင်တီထွင်ခဲ့ပြီး အမေရိကန် ဆက်သွယ်ရေး ကုမ္ပဏီကြီး Qualcomm ၏ မူပိုင်ဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် GSM နှင့် WCDMA အသုံးပြုမှု ၈၉ ရာခိုင်နှုန်းအထိ ရှိနေသောအချက်သည် CDMA အသုံးပြုသူများအတွက် Roaming (မိုဘိုင်းလ်ဖုန်း နိုင်ငံတကာသို့ အပြန်အလှန် သယ်ဆောင် အသုံးပြုမှု) ပြုလုပ်ရန် ခက်ခဲစေသည်။
MEC Tel အနေနှင့် CDMA ကွန်ရက်ကို ထပ်မံတိုးချဲ့မည် ဆိုပါက မြန်မာနိုင်ငံသို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိလာသော ပြည်ပဧည့်သည်များအတွက် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ရယူသုံးစွဲရာတွင် အခက်အခဲ တွေ့နိုင်သည်။
လက်ရှိ မြန်မာ့ဆက်သွယ်ရေးနှင့် MEC Tel ၏ CDMA ဖုန်း အသုံးပြုသူများ အနေနှင့်လည်း ပြည်ပနိုင်ငံများသို့ သွားရောက်ရာတွင် Roaming အခက်အခဲ များရှိမည် ဖြစ်သည်။
ထို့အပြင် လက်ရှိအချိန်တွင် MEC Tel ၏ ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရာတွင် Vendor အဖြစ် အသုံးပြုထားသည့် ZTE ကုမ္ပဏီသည် CDMA နှင့် TD-SCDMA နည်းပညာများကိုသာ အဓိကထား လုပ်ကိုင်နေသော ကုမ္ပဏီဖြစ်ပြီး ၂၀၁၂ ခုနှစ်က အမြတ်ငွေ ၂၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သောကြောင့် ဝန်ထမ်း ၁၁၃၈၄ ဦးကို ထုတ်ပယ်ခဲ့ရသည်။
CDMA နည်းပညာ၏ အဓိက အားနည်းချက်သည် WCDMA ကဲ့သို့ သတင်းအချက်အလက် ပေးပို့မှု မမြန်ဆန်သည့်အပြင် အော်ပရေတာတို့အတွက် နောက်ဆက်တွဲ ရင်းနှီးမြှုပ်နှံမှု (Value-Add Service) အခက်အခဲများနှင့် ကြုံတွေ့ ရနိုင်ခြေများခြင်း ဖြစ်သည်ဟု ဦးသန်းဦးက ရှင်းပြသည်။
ကမ္ဘာတစဝန်းလုံးရှိ အော်ပရေတာ တော်တော်များများသည် GSM/WCDMA နည်းပညာကို အသုံးပြုခြင်းကြောင့် CDMA နည်းပညာ အသုံးပြုသူများသည် နိုင်ငံရပ်ခြား ခရီးထွက်စဉ် ရောက်ရှိနိုင်ငံ၏ ဆက်သွယ်ရေးကွန်ရက် (Roaming) ကို အသုံးမပြုနိုင် ခြင်းကြောင့် များစွာသော အဆင်မပြေမှုများနှင့် ရင်ဆိုင်ရသည်။ တစ်ကမ္ဘာလုံးတွင် CDMA စနစ်အသုံးပြုသောနိုင်ငံ ၂၀ ကျော်သာ ရှိသည်။
CDMA Equipment ထုတ်လုပ်သော စက်ရုံတဖြည်းဖြည်း လျော့နည်းလာနေ သကဲ့သို့ လက်ရှိ အခြေအနေတွင် ကမ္ဘာ့ Telecom Operator ၏ ၁၁ ရာခိုင်နှုန်းသာ CDMA နည်းပညာကို အသုံးပြုနေပြီး နောက်လာမည့် တစ်နှစ်မှ သုံးနှစ်အတွင်းတွင် WCDMA နှင့် LTE နည်းပညာသို့ ကူးပြောင်းရန် ကြိုးစားလာနေကြသည်။
လက်ရှိတွင် နာမည်ကျော် ပြည်ပက ဆက်သွယ်ရေး အော်ပရေတာများ အနေနှင့်လည်း GSM နှင့် WCDMA နည်းပညာကို သာအဓိက သုံးစွဲနေကြကာ နည်းပညာရပ် အသစ်များလည်း ဆက်တိုက် ပေါ်ထွက်နေသည့်အတွက် မိုဘိုင်းလ်ဖုန်း အသုံးပြုသူများကို ပိုမိုဆွဲဆောင်နိုင်စွမ်း ရှိနေသည်။
မြန်မာ့ဆက်သွယ်ရေးနှင့် MEC Tel တို့အနေနှင့် လက်ရှိအချိန်တွင် ပြည်ပ ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ အဆိုပါ ကုမ္ပဏီများသည် GSM/WCDMA နည်းပညာများကိုသာ ယူဆောင်လာကြမည် ဖြစ်သောကြောင့် လက်ရှိ ပြည်တွင်းရှိ CDMA ဖုန်းကိုင်ဆောင်သူများသည် GSM/WCDMA စနစ်သို့ ပြောင်းလဲ အသုံးပြုမှသာ အဆင်ပြေမည် ဖြစ်သည်။
လက်ရှိ ကမ္ဘာ့အဓိက CDMA Equipments Vendor သည် Huawei ဖြစ်သည်။ ကမ္ဘာ့ထိပ်တန်း အကြံပေးအဖွဲ့ Dell’Oro ၏ အစီရင်ခံစာအရ ၂၀၁၂ ခုနှစ်တွင် တစ်ကမ္ဘာလုံးနှင့် အာရှပစိဖိတ်ဒေသသို့ CDMA Equipment တင်ပို့မှု ပမာဏသည် Huawei က ထိပ်ဆုံးတွင် တည်ရှိ နေသည်။ ခေတ်ရေစီးကြောင်းအရ များစွာသော CDMA အော်ပရေတာတို့သည် WCDMA နှင့် LTE နည်းပညာဘက်သို့ ဦးတည်လာကြသည်။
ဈေးကွက် အခြေအနေအရ CDMA၊ WCDMA နှင့် LTE နည်းပညာများ အချင်းချင်း ကူးပြောင်းနိုင် သော ဖြေရှင်းမှု နည်းလမ်းကို Huawei က တီထွင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းလုံးတွင် စတင်အသုံးပြုနေပြီ ဖြစ်ပါသည်။
“ဆက်သွယ်ရေးအနေနဲ့ အရင်က ငါးသိန်းလောက် ပေးဝယ်ခဲ့ရတဲ့ CDMA 800 MHz ဖုန်းတွေကိုလည်း တစ်ခုခု စဉ်းစားပေးသင့်တယ်။ CDMA တွေ အကုန်လုံးက တသီးတသန့်ကြီး ဖြစ်နေတယ်” ဟု ဦးသန်းဦးက ဆိုသည်။
ဆက်သွယ်ရေး အော်ပရေတာနေရာ ယှဉ်ပြိုင်ခဲ့သော ကုမ္ပဏီများထဲမှ KDDI ရှုံးနိမ့်ခဲ့မှုမှာ ယင်းကုမ္ပဏီသည် ဂျပန်နိုင်ငံတွင် CDMA နည်းပညာကို အဓိက အသုံးပြုသော ကုမ္ပဏီ ဖြစ်သောကြောင့် တင်ဒါလျှောက်ထားရာတွင် တင်ဒါကော်မတီက ယင်းအချက်ကို ထည့်သွင်း စဉ်းစားခဲ့၍ ဖြစ်နိုင်ကြောင်းလည်း သူကမှတ်ချက်ပေးသည်။
“နောက်ပိုင်းလာမယ့် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတွေက GSM/WCDMA တွေပဲလုပ်ကြမှာ။ CDMA ဆိုတာ တဖြည်းဖြည်း ပျောက်ကွယ်သွားမှာပဲ။ အဲဒီအချိန်ကျရင် မြန်မာ့ဆက်သွယ်ရေး အနေနဲ့ လက်ရှိ CDMA ကိုင်တဲ့ သူတွေကို GSM ချိန်း (လဲ) ပေးတာမျိုး လုပ်ပေးသင့်တယ်။” ဟု ၎င်းကဆက်လက် ပြောကြားသည်။
ရေရှည်တွင် ဆင်းကတ်ဈေးနှုန်း၊ ဟန်းဆက် ဈေးနှုန်းများ ကျဆင်းသွားမည်မှာ မှန်သော်လည်း ယခင်တန်ဖိုးကြီးကြီး ပေးဝယ်ယူခဲ့သူများမှာ နစ်နာကြောင်း Star Mobile ဆိုင်မှ ကိုဇော်မင်းက ဆိုသည်။
ကိုကျော်ကျော် အနေနှင့် စိတ်ကြိုက် ရွေးချယ်ခဲ့ပြီးနောက် CDMA နှင့် GSM တွဲဖက် အသုံးပြုနိုင်သော Dual SIM ဟန်းဆက်တစ်လုံး ဝယ်ယူခဲ့သည်။
“နောက်လတွေမှာ GSM ဖုန်းတွေ ချမယ်လို့ ကြားထားတယ်။ တကယ်လို့ချခဲ့ရင် GSM ဆင်းကတ် ဝယ်ထည့်လို့ ရအောင်လေ” ဟု သူက ဆိုလိုက်သည်။

ကိုးကား : The Voice Weekly

0 comments:

Post a Comment