Thursday, June 27, 2013

ဓာတ်မြေသြဇာအိတ်နှစ်သိန်း MAPCO အကြွေးရောင်းမည်

ရန်ကုန်၊ ဇွန် ၂၆

နာဂစ် မုန်တိုင်းဒဏ်ကို အဆိုးဝါးဆုံး တွေ့ကြုံ ခံစားခဲ့ရသော ဧရာဝတီတိုင်း လပွတ္တာမြို့နယ်အတွင်းရှိ လယ်သမား များအတွက် မြန်မာနိုင်ငံ ဆန်စပါး အများပိုင် ကုမ္ပဏီ (MAPCO) က ဓာတ်မြေသြဇာ အိတ်နှစ်သိန်းခန့်ကို ငါးလဆိုင်း အကြွေးစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ် တာဝန်ရှိသူ ဒေါက်တာ စိုးထွန်းက ပြောကြားသည်။

အဆိုပါ ဓာတ်မြေသြဇာများကို အင်ဒိုနီးရှားနိုင်ငံမှ မှာယူ တင်သွင်းထားရာ သြဂုတ်လအတွင်း ဓာတ်မြေသြဇာများ ရောက်ရှိမည်ဖြစ်ပြီး လယ်သမားတစ်ဦး ပိုင်ဆိုင်သည့် လယ်ဧကပေါ် လိုက်၍ ရောင်းချပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အကြွေးနဲ့ ရောင်းပေးမယ်ဆိုတာက လယ်သမားတွေရဲ့ အခက်အခဲကို ဝင်ပြီး ကူညီပေးတာဖြစ်လို့ ကောင်းပါတယ်။ မြန်မာပြည်ကထုတ်တဲ့ ဓာတ်မြေသြဇာတွေကိုတော့ ကျွန်တော်တို့က စိတ်ကြိုက်မတွေ့ဘူး။ ပုလဲအပြင် ယူရီးယား၊ တီစူပါကိုပါ ရောင်းပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့” ဟု ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ရှိ လယ်သမားတစ်ဦး ဖြစ်သူ ဦးထွန်းလှိုင်က ဆိုသည်။

ဈေးကွက်အတွင်းရှိ လက်ရှိ ဝယ်ယူ သုံးစွဲနေသည့် ဓာတ်မြေသြဇာ အချို့သည် အရည်အသွေး မပြည့်မီသည့်အတွက် စိုက်ပျိုးရေးကို ထိခိုက်လျက်ရှိခြင်းကြောင့် စစ်ဆေး ဖော်ထုတ်ပေးရန် လိုအပ်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

ရောင်းချပေးမည့် ဓာတ်မြေသြဇာများမှာ ပုလဲ ဓာတ်မြေသြဇာဖြစ်ပြီး ရောင်းချမည့်အချိန်နှင့် ဈေးနှုန်းကိုမူ အတိအကျ မသတ်မှတ်ရသေးကြောင်း အဆိုပါ ကုမ္ပဏီထံမှ စုံစမ်း သိရှိရသည်။

“မြေသြဇာဈေးကိုတော့ ဒေါ်လာပေါက်ဈေးအတိုင်း တွက်ပြီး ရောင်းပေးမှာပါ။ လယ်သမား တစ်ဦးချင်းထက် အစုအဖွဲ့ တွေဖွဲ့ပြီး ရောင်းပေးဖို့ စီစဉ်နေပါတယ်” ဟု အဆိုပါ ကုမ္ပဏီ၏ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယင်းကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာန၏ ခွင့်ပြုချက်အမှတ် ၁၃၄/ ၂၀၁၂ - ၂၀၁၃ ဖြင့် ဖွဲ့စည်း တည်ထောင်ခွင့် ရရှိခဲ့ရာ ဆန်စပါးနှင့် လယ်ယာကဏ္ဍတွင် အဓိက ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မိုးစပါးရာသီ အတွင်းကလည်း ဧရာဝတီတိုင်းဒေသကြီးရှိ လယ်သမားများအတွက် ဓာတ်မြေသြဇာအိတ် ခုနစ်သောင်းခန့်ကို အကြွေးစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း ယင်းကုမ္ပဏီထံမှ စုံစမ်း သိရှိရသည်။

(ဟိန်းမြတ်စိုး)
 Ref: The Voice

0 comments:

Post a Comment